၂၀၂၀ ခုနှစ်ဟာ COVID-19 ဗိုင်းရပ်စ်ရောဂါဖြစ်ပွားခဲ့တဲ့အတွက် တကမ္ဘာလုံးမှာ စမတ်ဖုန်းရောင်းအားကျဆင်းမှုတွေအပြင် ပြောင်းလဲမှုတွေပါ အများအပြားကြုံတွေ့ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အခုလည်း Market Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ Counterpoint Research ရဲ့ ပြောကြားချက်အရ နောက်ထပ်အပြောင်းအလဲတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

ဒါကတော့ ယခု ၂၀၂၀ ခုနှစ် တတိယ ၃ လပတ်ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ စမတ်ဖုန်းတွေရဲ့ Chipset ထောက်ပံ့သူအပြောင်းအလဲဖြစ်ပွားခဲ့တာဖြစ်ပြီး စျေးကွက်ပထမနေရာကို Qualcomm အစား MediaTek ကနေ ရယူသွားတာဖြစ်ပါတယ်။ MediaTek အနေနဲ့ ၂၀၂၀ တတိယ ၃ လပတ်အတွင်းမှာ စျေးကွက်ရဲ့ ၃၁ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပြီး Qualcomm အနေနဲ့ကတော့ စျေးကွက် ၂၉ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာကို ပြန်ဆင်းခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့ Apple ၊ Samsung နဲ့ Huawei HiSilicon အနေနဲ့ကတော့ စျေးကွက်ပိုင်ဆိုင်မှုနှုန်း ၁၂ ရာခိုင်နှုန်းကိုယ်စီနဲ့ ရှိနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း လာမယ့် စတုတ္ထ ၃ လပတ် ရလဒ်တွေမှာတော့ Apple နဲ့ Samsung ရဲ့ စျေးကွက်ပိုင်ဆိုင်မှုမြင့်တက်လာနိုင်ပြီး Huawei အနေနဲ့ကတော့ ကျဆင်းဖွယ်ရှိနေပါတယ်။

Counterpoint Research ရဲ့ Director ဖြစ်တဲ့ Dale Gai ကတော့ MediaTek အနေနဲ့ အခုလိုမျိုး စျေးကွက်ပထမနေရာကို ရယူနိုင်တာက Mid Range စမတ်ဖုန်းတွေအတွက် 5G အပါအဝင် Chipset အမြောက်အများထုတ်လုပ်နိုင်တဲ့အချက်၊ Latin America ၊ Middle East နဲ့ Asia စျေးကွက်တွေကို ရယူထားနိုင်တဲ့အချက်နဲ့ Huawei ရဲ့ US ပိတ်ဆို့မှုကြောင့် Honor လိုမျိုး ကုမ္ပဏီတွေက MediaTek Chipset တွေကို ပြောင်းလဲဝယ်ယူတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Qualcomm အနေနဲ့ လာမယ့်နှစ်မှာ Flagship Snapdragon 888 Chipset ကို မိတ်ဆက်ထားပြီးဖြစ်တဲ့အတွက် ၂၀၂၁ မှပဲ စျေးကွက် ပထမနေရာကို ပြန်လည်ရယူနိုင်ဖွယ်ရှိနေပါတယ်။

Ref – Phone Arena