Smartwatch တွေဟာ စမတ်ဖုန်းကုမ္ပဏီတွေအကုန်လုံးနီးပါးက ကိုယ်ပိုင် Ecosystem တစ်ခု ဖန်တီးနေတဲ့အချိန်မှာ အရေးပါတဲ့ Product တွေလို့ ပြောလို့ရပါတယ်။ လက်ရှိအချိန်မှာတော့ Apple ကနေထုတ်လုပ်ထားတဲ့ Apple Watch တွေက Design ပိုင်းအရရော စွမ်းဆောင်ရည်ပိုင်းမှာပါ အကောင်းဆုံးလို့ပြောရမှာပါ။

တစ်ဖက်မှာတော့ Smartwatch အတွက် Qualcomm ကနေ ထုတ်လုပ်ထားတဲ့ Snapdragon 2100 နဲ့ 3100 Chipset တွေဟာ စမတ်ဖုန်းတွေမှာတောင်အသုံးပြုခြင်းမရှိတော့တဲ့ 28nm Architecture ကို အခြေခံထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung နဲ့ Huawei လိုမျိုး ကုမ္ပဏီတွေက ကိုယ်ပိုင် OS နဲ့ Chipset ကို အသုံးပြုထားတဲ့ Smartwatch တွေကိုထုတ်လုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းအခုအချိန်မှာတော့ Qualcomm ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 3100 Chipset ထက် သိသိသာသာကို ပိုမြန်ဆန်လာတဲ့ Snapdragon 4100 နဲ့ 4100+ Chipset တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Snapdragon 4100 Series Chipset တွေဟာ 12nm Architecture ကို အခြေခံထားတာဖြစ်ပြီး တစ်ချို့နေရာတွေမှာ ၂ဆ နီးပါးတောင် ပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။

Qualcomm ရဲ့ ပြောကြားချက်အရတော့ Cortex-A53 Quad-Core 1.7GHz နဲ့ ထွက်ရှိလာတဲ့ ယခု Snapdragon 4100 Chipset ဟာ ယခင် Snapdragon 3100 ထက် CPU နဲ့ Memory ပိုင်းမှာ ၈၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာသလို၊ Adreno 504 GPU အသစ်ကလည်း ၂.၅ ဆအထိ ပိုစွမ်းဆောင်နိုင်မယ်လို့ သိရပါတယ်။ Camera ကိုလည်း Support ပေးနိုင်မှာဖြစ်ပြီး ယခင်ကထက် ၂ ဆ ပိုမြန်ဆန်လာဦးမှာပါ။

နောက်ထပ်ကြီးမားတဲ့ပြောင်းလဲမှုကတော့ ပုံမှန်အချိန်ပဲဖော်ပြတဲ့ Ambient Mode ၊ Step Counting ၊ Alarms နဲ့ Haptics လိုမျိုး သေးငယ်တဲ့ Feature တွေဟာ QCC1110 Co-processor နဲ့ပဲ အလုပ်လုပ်သွားတေ့ာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Snapdragon 4100 Chipset အသုံးပြုထားတဲ့ Smartwatch တွေဟာ Battery Life သိသိသာသာပိုကောင်းလာနိုင်သလို Sleep-tracking ကိုပါ Support ပေးလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Co-processor ဟာ Snadpragon 4100+ မှာပဲ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Mobvoi TicWatch Pro 3 နဲ့ BBK ကုမ္ပဏီအောက်က Brand တစ်ခုဖြစ်တဲ့ Xiaotiancai ကုမ္ပဏီတွေကနေ အရင်ဆုံး Snapdragon 4100 Chipset ကိုအသုံးပြုပြီးတော့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Smartwatch အသစ်တွေရဲ့ စျေးနှုန်းနဲ့ Feature အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

Ref – Android Authority