Realme ဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ စပြီးစမတ်ဖုန်းလောကထဲရောက်လာခဲ့တာပါ။ Price to Performance မှာ Xiaomi ခြေရာကို နင်းနိုင်တယ်လို့ ဆိုရမှာဖြစ်တဲ့ Realme အမှတ်တံဆိပ်ကိုလည်း အကြိုက်တွေ့ သုံးစွဲသူအတော်လေးများတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက မြန်ဆန်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ Realme 5 စီးရီးဟာ ကုမ္ပဏီရဲ့ လူကြိုက်အများဆုံး စီးရီးဖြစ်ခဲ့ပြီး အလုံးရေ ၅.၅ သန်းအထိ ရောင်းချနိုင်ခဲ့တာပါ။ အခုလည်း ကုမ္ပဏီဟာ Realme 5 စီးရီးကို ဆက်ခံမယ့် မျိုးဆက်သစ် စီးရီးအတွက် ဆောင်ရွက်နေပြီလို့ အသိပေးလိုက်ပါတယ်။

Realme India ရဲ့ CEO နဲ့ ကုမ္ပဏီရဲ့တရားဝင် တွစ်တာအကောင့်တွေကတစ်ဆင့် Realme 6 နဲ့ 6 Pro တို့ ထွက်လာဦးမယ်ဆိုတဲ့အကြောင်းကို မျှဝေခဲ့ကြတာ ဖြစ်ပါတယ်။ ကနဦးတုန်းက CEO Madhav Sheth ဟာ Device နှစ်ခုကို သိပ်မကြာခင်မှာပဲ မြင်တွေ့ရမယ်လို့ပဲ တွစ်ခဲ့တာပါ။

ပထမ ပို့စ်ကိုတင်ပြီး သိပ်မကြာခင်မှာပဲ Madhav ဟာ Realme 6 ကို အသုံးပြုရိုက်ကူးထားတဲ့ ဘောလီးဝုဒ်ကြယ်ပွင့် Salman Khan နဲ့ဓါတ်ပုံကို တွစ်တာမှာ ထပ်မံမျှဝေခဲ့ပါသေးတယ်။ ဓါတ်ပုံမှာပါဝင်တဲ့ ရေစာအရ Realme 6 ဟာ ကင်မရာလေးလုံးနဲ့ဖြစ်ပြီး 64MP အဓိကကင်မရာလည်း ပါဝင်တာကို တွေ့ရပါတယ်။

အခုအချိန်ထိတော့ Realme 6 နဲ့ 6 Pro တို့ကို လာမယ့် မတ်လ ၅ ရက်နေ့မှာဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီ Device နှစ်ခုရဲ့ အသေးစိတ်အချက်အလက်တွေကိုသိရခြင်းတော့ မရှိသေးပေမယ့် နောက်ဆုံးထွက် Teaser အရ Dual punch-hole ကင်မရာပါဝင်တာတော့ တွေ့ရပါတယ်။ Realme 5 စီးရီးမှာ 5i ရှိခဲ့သလိုပဲ၊ Realme 6 စီးရီးမှာလည်း 6i ရှိနေသေးတာကိုတော့ FCC မှာ မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။

Ref: Gizmochina