X3 Super Zoom event မှာ Realme 6s ကိုပွဲထုတ်ခဲ့ပါတယ်။ ဥရောပဈေးကွက်အတွက်တော့ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းက ဖြန့်ချိခဲ့တဲ့ Realme 6 ထက် ဈေးသက်သာတဲ့ အမျိုးအစားတစ်ခုအဖြစ် ရွေးချယ်စရာစာရင်းမှာ ထည့်သွင်းမှတ်သားရမယ့် အမျိုးအစားပဲ ဖြစ်ပါလိမ့်မယ်။

6s ဟာ ဗားရှင်းတစ်မျိုးတည်းသာ ရှိပါတယ်။ 4GB of RAM နဲ့ 64GB of storage အမျိုးအစားဖြစ်ပြီး ဈေးနှုန်းက €200 (၃ သိန်းဝန်းကျင်) ပါ။ မူလ Realme 6 နဲ့နှိုင်းယှဉ်ရင် RAM ချင်းတူပေမယ့် 6s က €30 (၄ သောင်းခွဲဝန်းကျင်) ဈေးသက်သာပါတယ်။ ဒီအတွက် အဆင့်နှိမ့်လိုက်ရတာလေးတွေတော့ ရှိနေပါတယ်။

Realme 6s မှာ 64MP အဓိကကင်မရာအစား 48MP ISOCELL GW1 sensor ကို အသုံးပြုထားပါတယ်။ ကျန်တဲ့ကင်မရာသုံးလုံးကတော့ Realme 6 နဲ့ အတူတူပါပဲ။ 8MP ultrawide (119°), 2MP B&W portrait နဲ့ 2MP macro တွေဖြစ်ကြပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာလည်း 16MP ကင်မရာကို Punch-hole ထဲမှာ ထည့်သွင်းပေးထားပါတယ်။

ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာတော့ 6s ဟာ 6i နဲ့မတူပါဘူး။ 4K ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ UIS နဲ့ UIS Max video stabilization ထောက်ပံ့ပေးထားပါတယ်။ 90Hz Ultra Smooth display နဲ့ဖြစ်ပြီး Gorilla Glass 3 အမျိုးအစားပါ။ 60Hz နဲ့ 90Hz အကြား အလိုအလျောက် ပြောင်းလဲချိန်ညှိပေးဦးမှာလည်း ဖြစ်ပါတယ်။ LCD ဖြစ်တဲ့အတွက် Fingerprint reader ကတော့ ဘေးဘက်မှာ တပ်ဆင်ထားတာပါ။

MediaTek Helio G90T chipset တပ်ဆင်ထားပြီး “i” ဗားရှင်းထက် ပိုပြီးအဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ ဘက်ထရီက 4,300mAh ဖြစ်ပြီး 30W Flash Charge ကို ထောက်ပံ့ပါတယ်။ ဒါကြောင့် ၁၀၀% ကို ၅၅ မိနစ်နဲ့ အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ မိနစ် ၃၀ ဆိုရင်တော့ ၇၀% အားသွင်းနိုင်ပါလိမ့်မယ်။ USB-C port နဲ့ 3.5mm headphone jack တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ Pre-order တင်ခွင့်ပြုထားပြီး ဇွန်လ ၂ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ အရောင်က Eclipse Black တစ်ရောင်ပဲ တွေ့မြင်ရသေးပေမယ့် Lunar White လည်း ထွက်လာဖွယ်ရှိပါတယ်။

Ref: GSM Arena