Realme အမှတ်တံဆိပ်ဟာ စမတ်ဖုန်းဈေးကွက်ထဲကိုဝင်ရောက်လာတဲ့သက်တမ်းက ၂ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် တိုတောင်းလှတဲ့အချိန်ကာလအတွင်းမှာ ဒီအမှတ်တံဆိပ်ဟာ နိုင်ငံပေါင်း ၆၁ နိုင်ငံရဲ့ဈေးကွက်တွေမှာ ရောင်းချနေပြီး အလျင်အမြန်တိုးတက်လာတဲ့ အမှတ်တံဆိပ်အဖြစ်လည်း မြင်တွေ့နေရပါတယ်။

ဒါပေမယ့် Realme ဟာ သူတို့ရဲ့ ဈေးကွက်ကို အခုထက်ပိုပြီး ချဲ့ထွင်ချင်နေတာပါ။ ကုမ္ပဏီရဲ့ တည်ထောင်သူဖြစ်တဲ့ Li Bingzhong (Sky Li) က သူတို့ရဲ့ နောက်ထပ်ရည်မှန်းချက်တွေကို Weibo မှာ လွှင့်တင်မျှဝေလာခဲ့ပါတယ်။ Sky Li ရဲ့ ပို့စ်အရ Realme ဟာ သုံးလပတ် လေးကြိမ်ဆက် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာတဲ့ အမှတ်တံဆိပ်ဖြစ်ကြောင်းလည်း သိရပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ပြီးခဲ့တဲ့ သုံးလပတ်မှာ Realme ဟာ ကမ္ဘာ့ ထိပ်ဆုံး ၁၀ နေရာထဲကို ဝင်ရောက်နိုင်ခဲ့ပြီး အမှတ်စဉ် ၇ မှာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Realme တည်ထောင်ကာစက စမတ်ဖုန်းလောကမှာ အမှတ်တံဆိပ်အသစ်အတွက် နေရာရှိရဲ့လားလို့ လူတွေကမေးမြန်းခဲ့ကြကြောင်း၊ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ ဈေးကွက်ထဲမှာ အမှတ်တံဆိပ်သစ်အတွက် နေရာရှိကြောင်း သက်သေပြပြီး မျှော်မှန်းချက်တွေကို ရယူနိုင်ခဲ့ကြောင်း Sky Li က ဆိုပါတယ်။

လာမယ့် ၂ နှစ်အတွင်းမှာ Realme အနေနဲ့ AIoT အပေါ် ပိုပြီးအာရုံစိုက်သွားမှာဖြစ်ပြီး သူ့ရဲ့ တည်ရှိနေတဲ့ ဈေးကွက်ထက် ပိုကျယ်ပြန့်လာအောင် တိုးချဲ့သွားမယ်လို့ Sky Li က ဆိုပါသေးတယ်။ သူ့ရဲ့ ကုမ္ပဏီအနေနဲ့ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိက၊ တရုတ်နဲ့ ရုရှားဈေးကွက်တွေမှာ ဦးဆောင်နိုင်ဖို့ ဆန္ဒပြုကြောင်းနဲ့ Realme အနေနဲ့ သူတို့ရဲ့ နှစ်ပတ်လည်နေ့မတိုင်မီမှာ ယူနစ်ပေါင်း သန်း ၁၀၀ ကို ရောင်းချနိုင်ဖို့ ပစ်မှတ်ထားကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Ref: Gizmochina