COVID-19 ကပ်ရောဂါဆိုးဟာ နိုင်ငံတကာထုတ်ကုန်ကဏ္ဍတွေကို ဆိုးရွားစွာထိခိုက်စေပြီး စမတ်ဖုန်းထုတ်လုပ်သူ တွေလည်း အလားတူခံစားနေရပါတယ်။ စမတ်ဖုန်းတင်ပို့မှုတွေကျဆင်းလာပြီး တချို့စက်ရုံတွေ၊ အရောင်းဆိုင်တွေ ပိတ်ထားရသလို ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွေကိုလည်း အပြင်မှာ ခမ်းခမ်းနားနားမကျင်းပနိုင်ဘဲ အွန်လိုင်းကသာ မိတ်ဆက်ခဲ့ကြရပါတယ်။

ဒီရောဂါဆိုးကို တိုက်ဖျက်ရာမှာ Xiaomi နဲ့ Vivo တို့လို ကုမ္ပဏီတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက် Mask တွေ ထုတ်လုပ်လှူဒါန်းပေးတာမျိုးနဲ့ ပါဝင်ကူညီကြသလို သုံးစွဲသူဝန်ဆောင်မှုတွေကိုလည်း အဆင်ပြေအောင် ပြောင်းလဲပေးကြပါတယ်။ ယနေ့မှာ Realme နဲ့ OnePlus တို့ကလည်း သူတို့ရဲ့ထုတ်ကုန်တွေပေါ် အာမခံသက်တမ်းတွေကို တိုးမြှင့်ပေးပြီး သုံးစွဲသူတွေကို ကူညီလာခဲ့ပါပြီ။

Realme ရဲ့ အိန္ဒိယလုပ်ငန်းခွဲဟာ မတ်လ ၂၀ ရက်ကနေ ဧပြီလကုန်အတွင်း အာမခံသက်တမ်းပြည့်မယ့် ဖုန်းတွေအတွက် ဝန်ဆောင်မှုကို ၂၀၂၀ မတ်လ ၃၁ ရက်နေ့ထိ တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၁၅ ရက်နေ့ကနေ ဧပြီ ၃၀ အတွင်း ဝယ်ယူတဲ့ဖုန်းတွေကိုလည်း ပြန်လည်လဲလှယ်ချင်ရင် လဲဖို့ ကာလကို ရက် ၃၀ တိုးမြှင့်ထားပါတယ်။

OnePlus လည်း အလားတူပဲ မတ်လ ၁ ရက်နေ့ကနေ မေလ ၃၀ အတွင်း သက်တမ်းပြည့်မယ့် အာမခံတွေကို မေလ ၃၁ ရက်နေ့ထိ တိုးမြှင့်ပေးခဲ့ပါတယ်။ အစားထိုးလဲလှယ်တာတွေကိုလည်း သက်တမ်းရက် ၃၀ ထပ်တိုးပေးခဲ့ပြန်ပါတယ်။

OnePlus ဟာ လက်ရှိမှာ သုံးစွဲသူတွေရဲ့ဖုန်းတွေကို ပြန်လည်ပြင်ဆင်ဖို့ အပ်ထားချိန်မှာ ဌားရမ်းပေးတဲ့ ဖုန်းနဲ့ ပုံမှန်တိုင်းဆက်သုံးစွဲနိုင်မယ့် Back-up Device အစီအစဉ်တစ်ခုကိုလည်း စမ်းသပ်လုပ်ဆောင်နေတာပါ။ လက်ရှိမှာ ဥရောပနဲ့ မြောက်အမေရိကဒေသတွေအတွက် ဒီအစီအစဉ်ကို စတင်နေပြီဖြစ်ပါတယ်။

Ref – GSM Arena