realme နောက်ထုတ်မယ့် TWS နားကြပ်က Buds Q2 ဖြစ်ပြီး အရင်နှစ်ထုတ် Buds Q ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ အခုတော့ realme Buds Q2 ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး ဓါတ်ပုံနဲ့ အဓိက လုပ်ဆောင်ချက်တွေကို ဖော်ပြထားကာ အရောင် ၂ မျိုးကို တွေ့ရပါတယ်။

Buds Q2 ရဲ့ မော်ဒယ်နံပါတ်က RMA2010 ဖြစ်ပြီး အရင်မျိုးဆက်နဲ့ ဒီဇိုင်း တူညီသလို ဘဲဥပုံ Case လည်း ထည့်သွင်းထားပါတယ်။ အနက်ရောင် အပြင် အစိမ်းရောင်ကိုပါ ထုတ်လုပ်ပေးထားတာ မြင်ရပါတယ်။ နားကြပ်ထိပ်ဖူး အရွယ်အစားဟာ မူလမျိုးဆက် Buds Q နဲ့ တူညီပေမယ့် အပြင်ဘက် အခွံမှာ ပိုကြီးတဲ့ Touch Area ပါလာတဲ့ပုံပေါ်ပါတယ်။

နားကြပ် ၁ ဖက်စီရဲ့ အပြင်ဘက် မိုက်ကရိုဖုန်းကို Touch Controls နားမှာ မဟုတ်ဘဲ နေရာပြောင်းထားပါတယ်။ FCC က စာရင်းအရ Charging Case မှာ micro USB Port ပါလာပြီး ဘက်ထရီ ပမာဏက 400mAh ထည့်ထားပါတယ်။ နားကြပ် ၁ ဖက်စီမှာ 40mAh ဘက်ထရီ သီးခြား တပ်ဆင်ထားပြီး Buds Q2 ကို ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

realme က ပြီးခဲ့တဲ့ ၁ နှစ်လောက်ကစကာ TWS နားကြပ် လောကကို ဝင်ရောက်လာပြီး မကြာခင်က Indonesia Telecom မှာ realme ရဲ့ TWS နားကြပ် အသစ် ၂ ခုကို တွေ့လာရပြီ ဖြစ်ပါတယ်။ အဲဒါတွေက Buds Air 2 နဲ့ Buds Q2 တို့ဖြစ်ပြီး  မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

ref : gsmarena