ZTE က ဒီလ အစောပိုင်းမှာ မျက်နှာပြင်အောက် ဆဲလ်ဖီးကင်မရာပါတဲ့ Axon 20 5G ကို ကြေညာခဲ့ပြီး ဒီနည်းပညာ ပါတဲ့ ဖုန်းကို ပထမဆုံး ရောင်းချတဲ့ ကုမ္ပဏီအဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။ ပြိုင်ဖက် ကုမ္ပဏီတွေကလည်း အဲဒီနည်းပညာကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ realme လည်း ပါဝင်လာပါပြီ။

realme ရဲ့ ဒုတိယ ဥက္ကဌ Xu Qi Chase က ဝီဘိုမှာ Notch နဲ့ Punch Hole မပါတဲ့ စမတ်ဖုန်း ၁ လုံးကို ပြသလိုက်ပါတယ်။ သူက ကွန်းမန့်မှာ Pop-up ကင်မရာလည်း မသုံးထားဘူလို့ ပြောထားတဲ့အတွက်  ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားတာ သေချာပါတယ်။

Chase က အဲဒီ စမတ်ဖုန်းကို အကြိုပြသတဲ့ သဘောဖြစ်တဲ့အတွက် Specs တွေကို မပြောသေးပါဘူး။ ဘယ်အချိန် ကြေညာမလဲဆိုတာကိုလည်း သူက အသိမပေးသေးပါဘူး။ သေချာတာက အဲဒီ စမတ်ဖုန်းဟာ စွမ်းဆောင်ရည်မြင့် အမျိုုးအစား ဆိုတာပါပဲ။ ဒါဟာ Notch မပါတဲ့ realme ရဲ့ ပထမဆုံး စမတ်ဖုန်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Pop-up ဆဲလ်ဖီး ကင်မရာ ပါတဲ့ realme X ကို ချပြခဲ့ပြီးပါပြီ။

အဲဒီအချိန်ကတည်းက realme ဟာ Pop-up ကင်မရာ ပါတဲ့ စမတ်ဖုန်းတွေ ဆက်လက် မထုတ်တော့ပါဘူး။ realme ရဲ့ အိန္ဒိယနဲ့ ဥရောပရဲ့ စီအီးအို Madhav Sheth က အဲဒီ နည်းပညာ ပါတဲ့ ဖုန်းတွေ သိပ်မထုတ်တော့ဘူးလို့ အင်တာဗျူး ၁ ခုမှာ ပြောထားပါတယ်။ realme ရဲ့ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ စမတ်ဖုန်း ဘယ်အချိန်ထွက်လာမလဲ ဆိုတာ ရင်ခုန်စောင့်စားရဦးမှာပါ။

Ref : gsmarena