Realme ကုမ္ပဏီဟာ သတင်းထွက်ထားသလိုပဲ အိန္ဒိယပြည်တွင်းဈေးကွက်မှာ Xiaomi Mi Band ကို ယှဉ်ပြိုင်နိုင်ဖို့ Realme Band အမည်ရ Fitness Tracker အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ Realme ရဲ့အမှုဆောင်အရာရှိချုပ် Madhav Sheth ဟာ လအနည်းငယ်ခန့်က Fitness Tracker တစ်ခုကို ထုတ်လုပ်နေကြောင်း ပြောကြားခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ဘာမှဆက်မပြောဘဲ အခုမိတ်ဆက်လာခဲ့တာပါ။

အလွန်ဈေးချိုသာတဲ့ Realme Band ဟာ Black, Green, Yellow ဆိုပြီး အရောင်သုံးမျိုးနဲ့ထွက်ရှိလာကာ Feature တွေလည်း အများအပြားပါဝင်ပါတယ်။ Sheth ကတော့ Realme ဟာ အိန္ဒိယလူနေမှုစတိုင်လ်ရဲ့ အကြီးမားဆုံး နည်းပညာအမှတ်တံဆိပ်ဖြစ်လာအောင် ပစ်မှတ်ထားတယ်လို့ဆိုထားပြီး အခုထုတ်ကုန်ဟာ သူ့စကားနဲ့ ကိုက်ညီနေပုံပါပဲ။

Realme Band မှာ မော်ဒန်ခေတ် Fitness Tracker တစ်ခုမှာ ပါဝင်သင့်တဲ့ Feature အကုန်ပါဝင်တယ်။ 0.96” လက်မအရွယ် 160x80p Color Display တစ်ခု၊ နှလုံးခုန်နှုန်းတိုင်း ဆင်ဆာစက်၊ အိပ်စက်ချိန်စောင့်ကြည့်စနစ်၊ ကာယလေ့ကျင့်ခန်းစောင့်ကြည့်စနစ်နဲ့ IP68 ရေစိုဒဏ်ခံနိုင်ရည် စသဖြင့်ပါ။ မိုဘိုင်း Noti စနစ်နဲ့ ကိုးရက်အထိ ခံနိုင်တဲ့ ဘက္ထရီသက်တမ်းတို့ ပါဝင်တဲ့အပြင် အိန္ဒိယနိုင်ငံအတွက် ခရစ်ကက်အားကစား Tracking စနစ်တောင် အထူးထည့်ထားပေးပါတယ်။

ဒါပေမယ့် တကယ့်အံ့အားသင့်စရာအချက်က သူ့ရဲ့ အင်မတန်ချိုသာနေတဲ့ ဈေးနှုန်းဖြစ်ပါတယ်။ Realme Band ဟာ ရူပီး ၁,၄၉၉ (မြန်မာငွေ နှစ်သောင်းခုနစ်ထောင်ကျော်)သာ ကျသင့်ပါတယ်။ ဒါဟာ လက်ရှိဈေးကွက်ထဲက သူ့ဈေးနှုန်းရဲ့နှစ်ဆရှိတဲ့ Xiaomi Mi Band 4 ကို ထိုးနှက်ဖို့ ပြင်ဆင်လာသလိုပါပဲ။

Realme Band ဟာ လောလောဆယ် Realme ဝက်ဆိုက်ကနေ အိန္ဒိယပြည်တွင်းမှာ ဝယ်ယူနိုင်ပေမယ့် မတ်လ ၉ ရက်နေ့ကစပြီး Amazon ပေါ်ရောက်လာမှာပါ။ အဲဒီနောက်မှာတော့ အခြားနိုင်ငံတကာဈေးကွက်တွေကိုပါ အသီးသီး ဝင်ရောက်လာနိုင်ခြေရှိပါတယ်။

Ref – Android Authority