realme ဟာ အခုအချိန်မှာ OPPO လက်အောက်ကနေ ခွဲထွက်ခဲ့တာအချိန်အားဖြင့် နှစ်အနည်းငယ်ရှိပြီဖြစ်နေသလို အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိနေပြီဖြစ်ပါတယ်။ အခုဆိုရင် realme ကနေ စမတ်ဖုန်းတွေအပြင် Smartwatch ၊ Fitness Tracker နဲ့ TWS Earbuds တွေကိုပါ အများအပြားမိတ်ဆက်ထားပြီးဖြစ်ပါတယ်။

အခုလည်း realme ကနေ ဒီလိုမျိုး စမတ်ဖုန်းနဲ့ AIoT စျေးကွက်အပြင် နောက်ထပ် စျေးကွက်တစ်ခုကိုပါ ဝင်ရောက်လာတော့မယ့် ပုံစံပါပဲ။ ဒါကတော့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ realme ကနေ ကိုယ်ပိုင် Laptop တွေကို စတင်မိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်ရှိလာတာပဲဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Makul Sharma ကနေ ပြောကြားခဲ့တာဖြစ်ပြီး အစောဆုံး လာမယ့် ဇွန်လဝန်းကျင်မှာ realme Laptop တွေကို မြင်တွေ့ရတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ OPPO နဲ့ OnePlus လိုမျိုး ကုမ္ပဏီတွေကနေ ကိုယ်ပိုင် Laptop တွေမိတ်ဆက်ထားခြင်းမရှိသေးတဲ့အတွက် realme ဟာ BBK ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတွေထဲမှာ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Laptop ထုတ်လုပ်လာမှာဖြစ်ပါတယ်။ realme ရဲ့ Laptop အသစ်တွေဟာ စျေးကွက်ထဲမှာ Huawei ၊ Honor နဲ့ Xiaomi Laptop တွေနဲ့အဓိက ပြိုင်ဆိုင်ရမှာဖြစ်ပြီး Gaming Laptop တွေအစား ပုံမှန် Ultrabook ပုံစံ Laptop တွေကိုပဲ အရင်ဆုံးမိတ်ဆက်လာဖွယ်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ စမတ်ဖုန်းကုမ္ပဏီအနေနဲ့ Laptop ထုတ်လုပ်တဲ့အထဲမှာ Xiaomi နဲ့ Huawei တို့က အောင်မြင်နေပြီဖြစ်တဲ့အတွက် realme အနေနဲ့ ဘယ်လိုမျိုး မိတ်ဆက်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China