Realme ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်အတွက် Teaser ကို ထုတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ ထုတ်ကုန်သစ်က ဘာလဲဆိုတာ မပြောသေးဘဲ ကုန်ပစ္စည်းရဲ့ နာမည်ကိုပဲ အရင်ဦးဆုံး အသိပေးလိုက်တာ ဖြစ်ပါတယ်။ နာမည်ကတော့ “NARZO” ဖြစ်ပါတယ်။

Realme ရဲ့ ထုတ်ကုန်သစ်နဲ့ပတ်သက်ပြီး စမတ်နာရီလို့ ကောလာဟလထွက်ထားခဲ့သေးတာကြောင့် “NARZO” ကလည်း စမတ်နာရီဖြစ်မယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် ဆရာကြီး လို့တင်စားရမယ့် 91Mobiles ကတော့ စမတ်နာရီမဟုတ်နိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

အိန္ဒိယ နည်းပညာဘလော့ဂ်ကတော့ “NARZO” ဟာ စမတ်နာရီမဟုတ်ဘဲ Realme ရဲ့ စမတ်ဖုန်းစီးရီးအသစ် ဖြစ်တယ်လို့ ဆိုလိုက်တာပါ။ ဒီစီးရီးသစ်ဟာ Realme X စီးရီး၊ Realme C စီးရီးတွေလိုပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် “NARZO” ဟာ POCO နဲ့ Redmi တို့ကို ယှဉ်ပြိုင်သွားဖွယ်လည်း ရှိနေတာဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ “NARZO” ရဲ့ ပိုစတာကလည်း ဒီစီးရီးဟာ မျိုးဆက်သစ် လူငယ်တွေကို ပစ်မှတ်ထားတယ်လို့ ဖော်ပြနေပါတယ်။ Realme ဟာ Gen Z (၁၉၉၂ ကနေ ၂၀၁၂ ကြားမွေးဖွားသူတွေ) ကို ပစ်မှတ်ထားတာကို တွေ့မြင်နိုင်ပါတယ်။ ငယ်ရွယ်တဲ့မျိုးဆက်အတွက် တောက်ပြောင်ပြီး ပေါ်လွင်ထင်ရှားတဲ့ ဒီဇိုင်းပိုင်း၊ များပြားတဲ့ ဘက်ထရီပမာဏနဲ့ အခြားအင်္ဂါရပ်တွေကို ထည့်သွင်းပေးထားတယ်လို့လည်း သတင်း ပေးထားပါတယ်။

91Mobiles ကတော့ သူတို့ရဲ့ သတင်းရင်းမြစ်ပြောပြချက်အရ Realme ဟာ “NARZO” စီးရီးအတွက် အမျိုးအစားသစ်နှစ်မျိုးကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ပြန်လည်ဖော်ပြခဲ့ပါတယ်။ အခုအချိန်ထိတော့ “NARZO” နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးတာကြောင့် ရက်အနည်းငယ် ထပ်ပြီးစောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina