realme CEO Madhav Sheth က Watch S Pro ရဲ့ ဓါတ်ပုံကို မိတ်ဆက်ပွဲ မတိုင်ခင် ကြိုတင် ပြသလိုက်ပါတယ်။ အဲဒီ စမတ်နာရီကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက realme Watch S Pro ရဲ့ Teaser တွေကို မိတ်ဆက်ပွဲ မတိုင်ခင်မှာ မကြာခဏ ပြသနေပါတယ်။ အဲဒီ စမတ်နာရီ အသစ်မှာ ၁.၃၉ လက်မ AMOLED မျက်နှာပြင်ဝိုင်း တပ်ဆင်ထားမှာ ဖြစ်ပြီး Always-on Display လုပ်ဆောင်ချက် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ စမတ်နာရီရဲ့ Case ကို Stainless Steel နဲ့ ဖက်ရှင်ကျလှပစွာ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

Watch S Pro ကို နာရီ အနည်းငယ် အားသွင်းရုံနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်းကို မြန်မြန်ဆန်ဆန် ရောက်သွားမှာ ဖြစ်ပြီး ၁ ခါ အားအပြည့်သွင်းထားရင် ဘက်ထရီ သက်တမ်းက ၂ ပတ်တောင် ခံမယ်ဆိုတာက တော်တော် မိုက်ပါတယ်။ မကြာခဏ အားသွင်းရတဲ့ အလုပ်ရှုပ်မှု သက်သာသွားမှာ ဖြစ်ပါတယ်။

Watch S Pro မှာ Sport Tracking Mode ပေါင်း ၁၅ ခု ပါလာမှာဖြစ်ပြီး dual-GPS ကြောင့် Tracking လုပ်ရင် အရမ်း တိကျမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်နာရီမှာ နှလုံးခုန်နှုန်းတွက်ချက်တာပါလာနိုင်ပြီး SpO2 Sensor က သွေးတွင်း အောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်မှာပါ။ အဲဒီ SpO2 Sensor က ကိုဗစ် ကာလအတွက် အရမ်းကို အသုံးဝင်မှာ ဖြစ်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်မယ့်အတွက် ရေကူး၊ ရေငုပ်သူတွေအတွက် သင့်တော်ပါတယ်။ အသေးစိတ် သတင်းအချက်အလက်တွေကို ဒီလ ၂၃ ရက်နေ့မှာ သိရတော့မှာပါ။

Ref : gsmarena