မကြာခင်ကျင်းပလာမယ့် Mobile World Congress 2020 (အတိုကောက် MWC) ပွဲတော်ဟာ စမတ်ဖုန်း အမှတ်တံဆိပ်တွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ထုတ်ကုန်တွေကို အများရှေ့ ထုတ်ဖော်ပြသလေ့ရှိတဲ့ အစဉ်အလာ ပွဲတော်တစ်ခုပါ။

အခြား စမတ်ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်လာဖို့ အတည်ပြုထားကြပေမယ့် Realme ကတော့ Smartband နဲ့ Smart TV တို့ကိုသာ ပြသဖို့ သတင်းထွက်ထားပါသေးတယ်။ ဒါပေမယ့် ယနေ့မှာ Realme ကနေ Flagship စမတ်ဖုန်းသစ်တစ်လုံးအား MWC ပွဲမှာ မိတ်ဆက်သွားမယ်လို့ အတည်ပြုလာခဲ့ပါပြီ။

Realme ရဲ့ ဥရောပကုမ္ပဏီခွဲဟာ တွစ်တာပလက်ဖောင်းပေါ်မှာ “Realme’s 1st Global Launch” ရဲ့ တည်နေရာ ဆိုပြီး တည်နေရာတစ်ခုကို ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ တည်နေရာကတော့ MWC 2020 ကျင်းပမယ့် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့က Fira Gran Via ကွန်ဖရင့်စင်တာပါပဲ။

စပိန်နိုင်ငံဟာ Realme အတွက် Flagship မိတ်ဆက်ဖို့ နေရာကောင်းတစ်ခုဖြစ်ပုံရပြီး မနှစ်ကလည်း အောက်တိုဘာလ အလယ်လောက်မှာ စပိန်နိုင်ငံမြို့တော် မက်ဒရစ်မှာပဲ Realme X2 Pro ဖုန်းကို မိတ်ဆက်ခဲ့ပါသေးတယ်။

ဒီတစ်ခါလည်း X စီးရီးဝင် စမတ်ဖုန်းအသစ်တစ်လုံးကို မြင်ရမယ်လို့ ယူဆရပြီး နောက်ဆုံးပေါ် Qualcomm ချစ်ပ်ဆက်ကို သုံးစွဲလာမှာပါ။ သတင်းတွေကတော့ ဒီဖုန်းကို Realme X50 Pro လို့ ခေါ်ဆိုမှာဖြစ်ကြောင်း ညွှန်းဆိုနေပြီး Snapdragon 765G ချစ်ပ်ဆက် အသုံးပြုခဲ့တဲ့ Realme X50 ရဲ့ Upgrade ဗားရှင်းဖြစ်ပါတယ်။

တရားဝင်မိတ်ဆက်လာမယ့် နေ့စွဲကိုတော့ မဖော်ပြထားသေးပေမယ့် MWC 2020 ပွဲဟာ ဖေဖော်ဝါရီ ၂၄ မှ ၂၇ ထိ ကျင်းပမှာဖြစ်ပြီး ဒီအချိန်ထဲမှာ Realme ရဲ့ Flagship အသစ်ကို မြင်ရမှာဖြစ်ပါတယ်။

Ref – GSM Arena