Realme ရဲ့ CMO Francis Wang က ဒီလထဲ ကျင်းပမယ့် Mobile World Congress (MWC) မှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်တီဗီကို ကြေညာနိုင်တယ်ဆိုပြီး အရိပ်အမြွက် သတင်းပေးလိုက်ပါတယ်။ သူဟာ တွစ်တာက မေးခွန်းတွေကို ဖြေကြားရင်း ဒီသတင်းကို ပြောလိုက်တာပါ။ ဒါ့အပြင် သူက  စမတ်တီဗီကို မကြေညာခင်မှာ  Realme ရဲ့ ပထမဆုံး စမတ်လက်ပတ်ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ MWC ပွဲကို ဒီလ ၂၄ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။

Realme  ဟာ ဈေးကွက်ခိုင်ခိုင်မာမာရထားတဲ့ အိန္ဒိယမှာ စမတ် တီဗီကို အဓိက ရောင်းချမှာဖြစ်ပြီး ဈေးချိုတဲ့ စမတ် တီဗီ ဈေးကွက်မှာ အပြိုင်ကြဲတော့မှာပါ။ အဲဒီ စမတ်တီဗီရဲ့ အရွယ်အစားနဲ့ စွမ်းရည်တွေကို မသိရသေးပါဘူး။

Realme ရဲ့ ပြိုင်ဖက်ကြီး Xiaomi ဟာ အိန္ဒိယမှာ တီဗီ မော်ဒယ်များစွာ ထုတ်လုပ်ရောင်းချထားပါတယ်။ OnePlus နဲ့ Nokia တို့ကလည်း အဲဒီမှာ စမတ်တီဗီတွေ ရောင်းချပေးထားပြီး Honor က Vision စမတ်တီဗီကို မတ်လမကုန်ခင် ရောင်းချမယ်လို့ ထင်ပါတယ်။

Realme ဟာ စမတ်တီဗီနဲ့ စမတ်လက်ပတ် အပြင် ဒီလထဲမှာ Realme C3 ကို ကြေညာတော့မှာဖြစ်ပါတယ်။ Android 10 အခြေပြု Realme UI ပါတဲ့ ပထမဆုံး Realme စမတ်ဖုန်းဖြစ်လာမှာပါ။ Realme ဟာ အရင်က OPPO ရဲ့ UI ကို သုံးခဲ့ပြီး အခုကျမှပဲ ကိုယ်ပိုင် UI ကို ဖန်တီးလိုက်တာပါ။

Ref : gsmarena