realme ဟာ အခုနှစ်အတွက် စမတ်ဖုန်း Series အသစ်ကို မိတ်ဆက်လာတော့မယ်ဆိုပြီး အတည်ပြုပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Series အသစ်ကို X Series လို့ နာမည်ပေးထားပြီး ပထမဆုံးအနေနဲ့ realme X9 စမတ်ဖုန်းကို မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

အဆိုပါ realme X Series ဖုန်းတွေဟာ Design ပိုင်းမှာ ပြောင်းလဲမှုတွေပြုလုပ်လာမယ်လို့ ယူဆရပါတယ်။ အခုလည်း realme India နဲ့ Europe မှာ CEO အဖြစ်တာဝန်ယူထားတဲ့ Madhav Sheth ကနေ Twitter စာမျက်နှာမှာ realme X9 စမတ်ဖုန်းရဲ့ ဓါတ်ပုံကို Teaser အနေနဲ့ တင်ခဲ့ပါသေးတယ်။

Madhav Sheth ရဲ့ ပြောကြားချက်အရတော့ realme X9 စမတ်ဖုန်းဟာ အဓိကအနေနဲ့ ပါးလွှာတဲ့ Design နဲ့ ပွဲထွက်လာမှာဖြစ်ပြီး ဖုန်းရဲ့အထူဟာ Credit Card ၆ ကဒ်ကို ထပ်ထားသလောက်ပဲရှိနေမှာဖြစ်တယ်ဆိုပြီး ပြသခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် 7mm ဝန်းကျင်လောက်ပဲ အထူရှိမယ်လို့ ယူဆရပြီး realme ကနေ မိတ်ဆက်ထားပြီးတဲ့စမတ်ဖုန်းတွေထဲမှာ အပါးလွှာဆုံးဖြစ်လာနိုင်ပါတယ်။

အရောင်အနေနဲ့ကတော့ realme X9 ဖုန်းဟာ ယခင်တုန်းက realme V15 ဖုန်းမှာ အသုံးပြုထားတဲ့အရောင်နဲ့ ဆင်တူပြီးတော့ နောက်ကျောဘက်မှာလည်း “Dare to Leap” ဆိုတဲ့ စာတန်းပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော realme စမတ်ဖုန်းတွေလိုမျိုးပဲ စာတန်းမပါဝင်တဲ့ တခြားသောအရောင်တွေကိုလည်း မိတ်ဆက်လာမယ်လို့ ခန့်မှန်းရပါတယ်။

realme X9 စမတ်ဖုန်းရဲ့ အောက်ခြေမှာ USB-C ၊ Speaker နဲ့ Microphone Port တွေပါဝင်ပေမယ့် 3.5mm Headphone Jack ကို တွေ့ရခြင်းမရှိတဲ့အတွက် အပေါ်ဘက်မှာ ပြောင်းလဲထားတာ သို့မဟုတ် လုံးဝဖြုတ်ချခဲ့တာဖြစ်နိုင်ပါတယ်။ ကျန်တဲ့ Specification တွေအနေနဲ့ကတော့ မကြာခင်မှာ ထပ်မံသိရှိရဖွယ်ရှိနေပါတယ်။

Ref – GSM Arena