Xiaomi က Redmi 6A ပေါက်ကွဲမှုကြောင့် အိန္ဒိယ နိုင်ငံ နယူးဒေလီက အမျိုးသမီး ၁ ဦး သေဆုံးတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းမယ်လို့ ကြေညာလိုက်ပါတယ်။ အမျိုးသား ၁ ယောက်က စက်တင်ဘာလ ၉ ရက်နေ့မှာ Redmi 6A ပေါက်ကွဲမှုကြောင့် သူ့ရဲ့ အဒေါ် သေဆုံးသွားတယ်လို့ တွစ်တာမှာ ပို့စ်တင်ပြီးနောက် Xiaomi က အခုလို ကြေညာလိုက်တာပါ။ ကုမ္ပဏီက သုံးစွဲသူတွေ အန္တရာယ်ကင်းစေဖို့ဟာ အရေးအကြီးဆုံး ဖြစ်ပြီး သေဆုံးသွားတဲ့ သူရဲ့ မိသားစုနဲ့ ဆက်သွယ်ကာ အကြောင်းအရင်းကို စုံစမ်းမယ်လို့ ပြောပါတယ်။

အဲဒီ အမျိုးသားရဲ့ တွစ်တာက ပို့စ်မှာ ပေါက်ကွဲသွားတဲ့  Redmi 6A နဲ့ သွေးအိုင်ထဲလဲနေတဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။ သူက အဲဒီ ဖြစ်ရပ်အတွက် တာဝန်ယူဖို့ Xiaomi ကို တောင်းဆိုခဲ့ပါတယ်။ သူက အဒေါ် ဖြစ်သူဟာ များသောအားဖြင့် သူမ စမတ်ဖုန်းကို ဖုန်းပြောဖို့နဲ့ YouTube ကြည့်ဖို့ အသုံးပြုပြီး အခု ပေါက်ကွဲမှုဟာ ဖုန်း ဘက်ထရီကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Xiaomi က စုံစမ်းမယ့် သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပေမယ့် ဘာ့ကြောင့် ပေါက်ကွဲမှု ဖြစ်သလဲဆိုတာကို ထုတ်ပြန်ကြေညာမှာ သေချာပါတယ်။ ကုမ္ပဏီက ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို တိတိကျကျ စစ်ဆေးဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ Xiaomi က စုံစမ်းစစ်ဆေးမယ့် အချိန်ကာလကို မပြောသေးပါဘူး။

စမတ်ဖုန်း ပေါက်ကွဲမှု သတင်းတွေ အရင်ကလည်း ကြားသိခဲ့ရပါတယ်။ စမတ်ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ ဘက်ထရီတွေဟာ အခန့်မသင့်ရင် အခုလို မီးလောင်ကျွမ်း ပေါက်ကွဲတာတွေ ဖြစ်တတ်တာကို သတိချပ်စေလိုပါတယ်။

Ref : gizmochina