Xiaomi ဟာ သြဂုတ်လဆန်းပိုင်းတုန်းက အိန္ဒိယဈေးကွက်ထဲကို သူ့ရဲ့ Redmi အမှတ်တံဆိပ် စမတ်ဖုန်းသစ်ဖြစ်တဲ့ Redmi 9 Prime ကို မိတ်ဆက်ခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ တရုတ်ကုမ္ပဏီဟာ အိန္ဒိယဈေးကွက်ထဲကို နောက်ထပ် Redmi 9 မိသားစုဝင် ထပ်ဖြည့်ပေးမယ်လို့ ဆိုနိုင်ပါတယ်။

Redmi 9A ဟာ မကြာခင်မှာပဲ သူ့ရဲ့နောင်တော်တွေနဲ့ ပေါင်းဆုံရလိမ့်မယ်လို့ ယူဆရပါတယ်။ Redmi 9A ဟာ Redmi 9, 9C တို့နဲ့ အတူ နိုင်ငံတကာဈေးကွက်မှာ ပွဲထွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယဈေးကွက်မှာ ဖြန့်မယ့် Redmi 9A ကတော့ အနည်းငယ် ပြောင်းလဲမှုတွေ ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။

မော်ဒယ်နံပါတ် M2006C3LI ဟာ အဆင့်မြှင့်တင်မှုအချို့ကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ဖြန့်တဲ့ 9A ဟာ MIUI 11 နဲ့ဖြစ်ပေမယ့် အခုတွေ့ရတာကတော့ Android 10 ကိုအခြေခံတဲ့ MIUI 12 ဗားရှင်း မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့ Wi-Fi clearance မှာ ဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ဖော်ပြထားခြင်းတော့ မရှိပါဘူး။

Redmi 9A ဟာ 6.53-inch HD+ IPS LCD panel နဲ့ဖြစ်ပြီး Waterdrop notch နဲ့ ဖြစ်ပါတယ်။ MediaTek Helio G25 chipset ကို အသုံးပြုထားပြီး 2GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုပမာဏကတော့ 32GB ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပြီး USB-C charging port လည်း ပါဝင်တယ်လို့ သိရပါတယ်။ Xiaomi India ဟာ Redmi 9A ကို ဘယ်အချိန် မိတ်ဆက်မယ်လို့ မပြောထားပေမယ့် အကြာကြီးမစောင့်ရဘူးလို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena