Redmi ဟာ Xiaomi ရဲ့ ကုမ္ပဏီအခွဲအနေနဲ့ ရပ်တည်ပြီးနောက်ပိုင်းမှာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Product တွေကို ဆက်တိုက်ကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာလည်း စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Laptop တွေကိုပါ မိတ်ဆက်ထားပြီးဖြစ်သလို အောင်မြင်မှုရရှိနေတယ်လို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း Redmi ကနေ မိတ်ဆက်နေတဲ့ Laptop တွေက သာမန် Consumer အတွက်ရည်ရွယ်တဲ့ Laptop တွေပဲဖြစ်ပြီးတော့ Gaming Laptop အနေနဲ့ကတော့ ထုတ်လုပ်ထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ Redmi ကနေ သြဂုတ်လ ၁၄ ရက်နေ့မှာ ပထမဆုံးအနေနဲ့ Gaming Laptop ကို မိတ်ဆက်သွားတော့မယ်လို့ ကြေညာလိုက်ပါပြီ။

အဆိုပါ Redmi Gaming Laptop တွေကို Redmi G လို့ နာမည်ပေးထားပြီးတော့ Design ပုံစံကိုပါ Teaser ဓါတ်ပုံအနေနဲ့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံအရတော့ Redmi G Gaming Laptop ဟာ Web Cam ကို အောက်ဖက်မှာထားထားတဲ့အတွက် Display အနေနဲ့ အပေါ်ဘက်နဲ့ ဘေးဘောင်တွေတော်တော်လေးကို ပါးလွှာနေမှာဖြစ်ပါတယ်။

ကျန်တဲ့အရွယ်အစားအနေနဲ့လည်း 15.6″ Gaming Laptop လို့ ယူဆရပြီး အထူအနေနဲ့လည်း တခြားသော Gaming Laptop တွေနဲ့ တူညီမယ်လို့ခန့်မှန်းရပါတယ်။ အရောင်အနေနဲ့ အမည်းရောင်ကိုပဲ အသုံးပြုထားပြီးတော့ RGB Keyboard ပါဝင်မလားဆိုတာကလည်း မသိရှိရသေးပါဘူး။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ Redmi G Gaming Laptop တွေမှာ Intel နဲ့ AMD Processor တွေထဲက ဘယ်အမျိုးအစားကို အသုံးပြုလာနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ လောလောဆယ် RedmiBook Laptop တွေမှာ Intel 10th Gen နဲ့ Ryzen 4000 Series Processor ၂ မျိုးစလုံးကို အသုံးပြုနေတဲ့အတွက် Gaming Laptop အနေနဲ့ကတော့ ဘယ် Processor အမျိုးအစားကို အသုံးပြုလာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China