Redmi ဟာ K30 နဲ့ K30 5G စမတ်ဖုန်းတွေကို ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့ပြီးနောက် မတ်လမှာ K30 Pro နဲ့ Pro Zoom တို့ကို ထပ်မံကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် K30 စီးရီးဟာ ရပ်တန့်မသွားသေးဘဲ ယနေ့မှာ ကုမ္ပဏီက K30 5G Speed Edition အမည်ရ စမတ်ဖုန်းသစ်ကို မေလ ၁၁ ရက်နေ့မှာ မိတ်ဆက်မယ့်အကြောင်း ထပ်မံအတည်ပြုလာခဲ့ပြန်ပါပြီ။

Redmi ဟာ K30 5G Speed Edition ဟန်းဆက်အသစ်ရဲ့ Specs တွေကို အတည်မပြုရသေးပေမယ့် Weibo မှာတင်ထားတဲ့ ပိုစတာထဲမှာတော့ ဆဲလ်ဖီးကင်မရာနှစ်ခုပါဝင်တဲ့ Punch-hole Display ကိုတွေ့ရပါတယ်။

အဆိုပါပိုစတာထဲမှာပဲ တရုတ်ဈေးကွက်မှာ JD.com ကနေတဆင့် ဝယ်ယူနိုင်မယ်ဆိုတာ ဖော်ပြထားပြီး တရုတ်အခြေစိုက် အရောင်းဝက်ဆိုက်ကလည်း ဒီဖုန်းမှာ 64MP အဓိကကင်မရာကို 8MP Ultrawide နဲ့ 5MP Macro ယူနစ်တို့ဖြင့် တွဲဖက်ထားမယ်လို့ အတည်ပြုပေးထားပါတယ်။

6.67” LCD Display ဟာ 120Hz Refresh Rate ထိရရှိမယ်လို့ ဆိုထားပြီး 6GB RAM/128GB Storage မန်မိုရီ အတွဲနဲ့ဖြစ်ပါတယ်။ ဒါ့အပြင် K30 5G Speed Edition မှာ မကြေညာရသေးတဲ့ Snapdragon 768G ချစ်ပ်ဆက်ကိုပါ အသုံးပြုလာမယ်လို့ဖော်ပြထားတာကြောင့် မှားယွင်းဖော်ပြထားတာလား၊ SD768G ကိုပဲ တကယ်တွေ့ရမှာလား ဆိုတာတော့ မသိရသေးပါဘူး။

Redmi ဟာ ဈေးပိုချိုမယ့် Redmi K30i 5G ကိုလည်း ထုတ်လုပ်ဖို့ကြိုးစားနေကြောင်း သတင်းထွက်နေပြီး ၎င်းဟာ ဈေးအချိုဆုံး 5G စမတ်ဖုန်းဖြစ်လာဖို့ရှိပါတယ်။ လာမယ့်မေလ ၁၁ ရက်နေ့မှာ K30 5G Speed Edition နဲ့အတူတွေ့ရမလား၊ K30i 5G ကိုသက်သက်ကြေညာမလား ဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။

Ref – GSMArena