Redmi ရဲ့ ပထမဆုံး Compact Tablet အဖြစ် Redmi K Pad ဟာ ဈေးကွက်ထဲကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာပါပြီ။ ဒီ Tablet ဟာ လက်ထဲမှာ သွယ်လျကျစ်လျစ်နေမယ့် ဒီဇိုင်းနဲ့အတူ၊ Flagship ဖုန်းတွေမှာသုံးတဲ့ အဆင့်မြင့် Chipset ကို သုံးစွဲထားတာကြောင့် “အရွယ်အစားက စွမ်းဆောင်ရည်ကို မဆုံးဖြတ်ဘူး” ဆိုတာကို သက်သေပြလိုက်သလိုပါပဲ။
မျက်နှာပြင် (Display) နဲ့ ဒီဇိုင်း
ဒီ Tablet ရဲ့ အဓိကဆွဲဆောင်မှုကတော့ ၈.၈ လက်မ အရွယ်အစားရှိတဲ့ သူ့ရဲ့ IPS LCD မျက်နှာပြင်ပါ။ Resolution က 3,008 x 1,880px အထိရှိပြီး၊ 165Hz refresh rate ပါဝင်တာကြောင့် ဂိမ်းကစားချိန်မှာရော၊ သာမန်သုံးစွဲချိန်မှာပါ အရာအားလုံးက လျင်မြန်ပြီး ချောမွေ့နေမှာပါ။ 16:10 aspect ratio ကတော့ ရုပ်ရှင်ကြည့်၊ စာဖတ်ဖို့အတွက် အထူးသင့်တော်ပါတယ်။
ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့တည်ဆောက်ထားပြီး အထူ ၆.၄၆ မီလီမီတာ ပဲရှိတာကြောင့် ပါးလွှာပေါ့ပါးမှုကို အပြည့်အဝခံစားရမှာပါ။ အလေးချိန်ကလည်း ၃၃၆ ဂရမ် ပဲရှိလို့ လက်တစ်ဖက်တည်းနဲ့ အချိန်ကြာကြာကိုင်ထားရင်တောင် အေးဆေးပါပဲ။
အတွင်းပိုင်းစွမ်းဆောင်ရည်နဲ့ ဂိမ်း Feature များ
Redmi K Pad ရဲ့ နှလုံးသားကတော့ Redmi K80 Ultra မှာသုံးထားတဲ့ MediaTek ရဲ့ အစွမ်းထက် Dimensity 9400+ chipset ဖြစ်ပါတယ်။ 16GB RAM နဲ့ 1TB storage အထိ ရွေးချယ်နိုင်တာကြောင့် ဘယ်လိုဂိမ်းကြီးပဲဖြစ်ဖြစ်၊ ဘယ်လို App မျိုးကိုမဆို အမြင့်ဆုံး setting နဲ့ သုံးနိုင်မှာပါ။
Redmi K series ရဲ့ ထုံးစံအတိုင်း ဂိမ်းသမားတွေကို အဓိကဦးစားပေးထားပါတယ်။ ဂိမ်းအကြာကြီးဆော့တဲ့အခါ အပူချိန်လွန်ကဲမှုမရှိအောင် ထိန်းချုပ်ပေးမယ့် 12,050mm² အရွယ်အစားရှိတဲ့ vapor chamber အအေးပေးစနစ်ကြီး ကို ထည့်သွင်းပေးထားပါတယ်။
နောက်ထပ် အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ USB-C ပေါက် နှစ်ခု ပါဝင်လာတာပါပဲ။ အောက်ခြေမှာတစ်ခု၊ ဘေးဘက်မှာတစ်ခု ပါဝင်တာကြောင့် အားသွင်းရင်းနဲ့ ဂိမ်းကစားတဲ့အခါ ကန့်လန့်ကန့်လန့်ဖြစ်မနေတော့ဘဲ အားသွင်းကြိုးကို အဆင်ပြေတဲ့ဘက်က တပ်ဆင်နိုင်မှာပါ။
ဘက်ထရီ၊ ကင်မရာနဲ့ အခြားအချက်များ
ဘက်ထရီပိုင်းမှာတော့ 7,500mAh ပမာဏကို တပ်ဆင်ပေးထားပြီး 67W အားအမြန်သွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ကင်မရာအနေနဲ့ ရှေ့ဘက်မှာ 8MP ကင်မရာတစ်လုံးနဲ့ ကျောဘက်မှာ 13MP ကင်မရာတစ်လုံး ပါဝင်ပါတယ်။
အရောင်နဲ့ ဈေးနှုန်း
Redmi K Pad ကို Deep Black (အနက်) ၊ Spruce Green (အစိမ်း) ၊ နဲ့ Smoky Purple (ခရမ်း) ဆိုပြီး အရောင် (၃) မျိုးနဲ့ ရရှိနိုင်မှာပါ။
တရုတ်နိုင်ငံတွင်း ဈေးနှုန်းတွေကတော့
12GB/256GB မော်ဒယ်လ်ကို CNY 2,799 (ဒေါ်လာ ၃၉၀ ခန့်)
16GB/1TB မော်ဒယ်လ်ကို CNY 4,199 (ဒေါ်လာ ၅၈၅ ခန့်) ဖြစ်ပါတယ်။
Ref : gsmarena