၂၀၂၀ နှစ်စထဲက နည်းပညာနဲ့ ဖျော်ဖြေရေးအပါအဝင် ကဏ္ဍမျိုးစုံကို ဒုက္ခပေးနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရန်ဟာ အခုထိ အရှိန်မကျသေးပါဘူး။ Xiaomi ဟာ သူတို့ရဲ့ Redmi Note 9 ဟန်းဆက်အသစ်ကို မတ်လ ၁၂ ရက်နေ့မှာ မိတ်ဆက်ဖို့ ပြင်ဆင်ထားကြောင်း သိပ်မကြာသေးခင်ကမှ သတင်းထုတ်ပြန်ခဲ့ပေမယ့် ယနေ့မှာတော့ Xiaomi India ရဲ့ မန်နေဂျင်းဒါရိုက်တာ Manu Kumar Jain က အဆိုပါ မိတ်ဆက်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

MWC 2020 ပွဲကို ဖျက်သိမ်းရပြီးနောက် စမတ်ဖုန်းထုတ်လုပ်သူအများစုဟာ သူတို့ရဲ့ထုတ်ကုန်သစ်တွေကို အွန်လိုင်းကနေပဲ ပြောင်းလဲမိတ်ဆက်ခဲ့ရပြီး ယခု Redmi Note 9 ဟန်းဆက်ကိုလည်း အွန်လိုင်းကပဲ မလွှဲမရှောင်သာ မိတ်ဆက်သွားရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Online Stream သီးသန့်ကျင်းပမယ့် မိတ်ဆက်ပွဲဟာ အမှန်အကန် စိတ်ဝင်စားစရာကောင်းစေမယ်လို့တော့ Xiaomi က ထုတ်ပြန်ခဲ့ပါတယ်။

Redmi Note 9 မိတ်ဆက်ပွဲကို ကုမ္ပဏီရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေသာမက Mi.com ဝက်ဆိုက်ကနေလည်း ကြည့်ရှုနိုင်မှာပါ။ အခုလအတွင်းမှာ မိတ်ဆက်ဖို့ ကြိုတင်စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပြန့်နှံ့မှုက ရပ်တန့်မသွားတာကြောင့် ပရိသတ်တွေ၊ မီဒီယာတွေနဲ့ ဝန်ထမ်းတွေအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ဆုံးဖြတ်ခဲ့ရကြောင်း Jain က ဆိုပါတယ်။

ဒီပုံအတိုင်းဆိုရင်တော့ Redmi ဟာ အိန္ဒိယနိုင်ငံအတွင်းမှာပြုလုပ်မယ့် ထုတ်ကုန်မိတ်ဆက်ပွဲကို ကိုရိုနာကြောင့် ဖျက်သိမ်းရတဲ့ ကမ္ဘာ့ပထမဆုံးဖြစ်လာဖို့ရှိပါတယ်။ သူ့ရဲ့ပြိုင်ဘက် Realme ကလည်း Realme 6 စီးရီးကို မတ်လ ၅ ရက်နေ့မှာ အိန္ဒိယပြည်တွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး ကိုရိုနာကြောင့် တက်ရောက်ဖို့ဖျက်သိမ်းသွားတဲ့ မီဒီယာတွေ အများအပြားရှိကြောင်း ပြောကြားထားပါတယ်။

Ref – GSM Arena