Xiaomi ရဲ့ Redmi က သူ့ရဲ့ နောက်ဆုံးပေါ် တက်ဘလက်ဖြစ်တဲ့ Redmi Pad 2 ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေး မြင့်မားပြီး ဘက်ထရီ သက်တမ်း ကောင်းပါတယ်။ အဓိက အချက်က ဈေးနှုန်း ချိုသာပြီး Mid-range တက်ဘလက်ဈေးကွက်မှာ ယှဉ်ပြိုင်မှာပါ။
အဲဒီ Redmi Pad 2 ရဲ့ အဓိက ဆွဲဆောင်မှုက သူ့ရဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ 11-inch အရွယ်အစားရှိတဲ့ IPS LCD display ကို တပ်ဆင်ထားပြီး 2560 x 1600 pixels resolution နဲ့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပေးစွမ်းပါတယ်။ ဒါ့အပြင် 90Hz refresh rate ပါဝင်တာကြောင့် အသုံးပြုရာမှာ ပိုမိုချောမွေ့စေမှာဖြစ်ပြီး မျက်နှာပြင်ရဲ့ အမြင့်ဆုံး တောက်ပမှု (brightness) ကတော့ 600 nits အထိ ရှိပါတယ်။ Redmi Smart Pen လို stylus တွေနဲ့ တွဲဖက် သုံးနိုင်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာ MediaTek ရဲ့ Helio G100 Ultra chipset ကို အသုံးပြုထားပါတယ်။ RAM နဲ့ storage အတွက် (4GB/128GB) နဲ့ (8GB/256GB) ဆိုပြီး ရွေးချယ်စရာနှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။ Storage မလုံလောက်ဘူးဆိုရင် microSD card ကနေ 2TB အထိ တိုးချဲ့အသုံးပြုနိုင်ပါတယ်။
ကင်မရာပိုင်းအနေနဲ့ ကျောဘက်မှာ 8MP ကင်မရာတစ်လုံးနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေအတွက် အရှေ့ဘက်မှာ 5MP ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ Software ပိုင်းမှာတော့ Android 15 ကို အခြေခံထားတဲ့ Xiaomi ရဲ့ နောက်ဆုံးပေါ် HyperOS 2 နဲ့ လည်ပတ်မှာ ဖြစ်ပါတယ်။
အဲဒီတက်ဘလက်ရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ 9,000mAh ပမာဏရှိတဲ့ ဘက်ထရီကြီးဖြစ်ပြီး တစ်နေ့တာ အသုံးခံနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အားသွင်းစနစ်အတွက် 18W charging ကို USB-C port ကနေတစ်ဆင့် အားသွင်းနိုင်ပါတယ်။
Redmi Pad 2 ကို Graphite Gray (မီးခိုးရောင်)၊ Mint Green (စိမ်းပြာနုရောင်) နဲ့ Lavender Purple (ခရမ်းနုရောင်) ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ကင်းဒမ်း (UK) ဈေးကွက်အတွက် ဈေးနှုန်းတွေကို ကြေညာထားပြီး မော်ဒယ်အလိုက် ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Wi-Fi မော်ဒယ်:
4GB RAM + 128GB Storage: £169
8GB RAM + 256GB Storage: £219
4G LTE မော်ဒယ်:
4GB RAM + 128GB Storage: £219
8GB RAM + 256GB Storage: £259
Redmi Pad 2 ကတော့ ဖျော်ဖြေရေး၊ ပညာသင်ကြားရေးနဲ့ နေ့စဉ်အသုံးပြုမှုတွေအတွက် ဘက်စုံသုံး တက်ဘလက်တစ်လုံးကို ဈေးနှုန်းသင့်တင့်စွာနဲ့ ရှာဖွေနေသူတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
Ref : gsmarena