ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားတဲ့အတွက် အိမ်မှာပဲ ရုပ်ရှင်ရုံမှာလို ကြည့်နိုင်မယ့် Smart TV ၁ လုံးကို Redmi က မိတ်ဆက်လိုက်ပါတယ်။ Redmi Smart TV Max လို့ နာမည်ပေးထားပြီး အရွယ်အစား အရမ်းကြီးမားတဲ့ ၉၈ လက်မ မျက်နှာပြင် ပါလာပါတယ်။ အရွယ်အစား အရမ်းကြီးတဲ့အတွက် သင့် အိမ်ထဲထည့်လို့ ရမလားဆိုတာ စစ်ဆေးဖို့အတွက် ကုမ္ပဏီရဲ့ Product Page မှာ ဝင်ဆန့်မယ့် အိမ်တံခါးနဲ့ လှေခါးတွေရဲ့ အကျယ်အဝန်းတွေကို ဖော်ပြထားပါတယ်။

4K LCD ဖြစ်ပြီး 60Hz Refresh Rate ၊ 85% NTSC Color Space ထောက်ပံ့ထားပါတယ်။ HDR ထောက်ပံ့ထားပြီး 9th Gen Image Engine မှာ Motion Interpolation အပါအဝင်  ရုပ်ထွက် တိုးတက်စေတဲ့ နည်းပညာ ၂၀ တောင်ပါပါတယ်။ စပီကာ ၄ လုံး ထည့်သွင်းထားပြီး Dolby နဲ့ DTS Decoding တွေ ပါပါတယ်။ HDMI Port ၃ ခု၊ S/PDIF Output ၁ ခုပါလာပြီး External Audio Hardware တွေနဲ့ ချိတ်ဆက် သုံးနိုင်ပါတယ်။

Redmi Smart TV Max မှာ Amlogic T972 Chipset မောင်းနှင်ထားပြီး Cortex-A55 Core ၄ လုံးနဲ့ Mali-G31MP2 ပါပါတယ်။ 4GB RAM , 64GB Storage ထည့်ထားပြီး Android TV အခြေပြု Xiaomi ရဲ့ Custom PatchWall Software မောင်းနှင်ထားပါတယ်။ Xiaomi Ecosystem ထောက်ပံ့တဲ့ စမတ်နေအိမ် ကိရိယာတွေကို TV ကနေ ထိန်းချုပ်နိုင်ပြီး အသံအမိန့်ပေး စနစ်လည်း ပါပါတယ်။

တရုတ်မှာ ဧပြီလ ၉ ရက်နေ့ စရောင်းမှာ ဖြစ်ပြီး ယွမ် ၂ သောင်း သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၄၀ လောက်ရှိပြီး ဈေးကွက်ထဲက ၉၈ လက်မ Smart TV တွေထက် ဈေးအရမ်းချိုနေပါတယ်။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena