Google က Pixel 4a ကို ကြေညာထားပြီးပြီ ဖြစ်ပြီး 5G Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပါတယ်။ Pixel 4a နဲ့ Pixel 5 တို့လိုပဲ Pixel 4a 5G မှာ Punch Hole မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Google က Punch Hole တည်နေရာကို မပြောင်းထားတဲ့အတွက် မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်နားမှာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံးကို လေးထောင့်အကွက်ထဲမှာ ထည့်သွင်းထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ပေါက်ကြားနေတဲ့ သတင်းတွေအရ ၆.၁ လက်မ သို့မဟုတ် ၆.၂ လက်မ OLED မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး LTE Version ရဲ့ ၅.၈၁ လက်မထက် ပိုကြီးလာမှာပါ။ အရွယ်အစား အပြည့်အစုံဟာ 153.9 x 74.0 x 8.6 မီလီမီတာ ရှိပြီး ကင်မရာပါ ထည့်တွက်ရင် အထူက ၉.၅ မီလီမီတာ ရှိပါတယ်။

Pixel 4a 5G မှာ ပလတ်စတစ် ကိုယ်ထည် ပါလာနိုင်ပြီး ပါဝါနဲ့ အသံခလုတ်တွေကို ညာဘက်မှာ ထည့်သွင်းထားပါတယ်။ ထိပ်ဘက်မှာ နားကြပ်ပေါက်နဲ့ အောက်ဘက်မှာ USB Type-C Port ပါလာမှာ ဖြစ်ပြီး အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားမှာပါ။ Pixel 4a 5G နဲ့ Pixel 5 ကို စက်တင်ဘာလ ၃၀ ရက်နေ့မှာကြေညာနိုင်ပြီး အောက်တိုဘာလမှာ ရောင်းနိုင်ပါတယ်။

Ref : gizmochina