OPPO ဟာ စမတ်ဖုန်း နယ်ပယ်မှာ Series များစွာ ထုတ်လုပ်ရောင်းချနေပြီး အဲဒီအထဲမှာ Reno Series ဟာ လူကြိုက်များ အောင်မြင်တဲ့ Series တစ်ခုအဖြစ် ပါဝင်နေပါတယ်။ မြန်မာနိုင်ငံကိုလည်း ၂၀၁၉ ခုနှစ်မှာ Reno Series နဲ့ စတင်မိတ်ဆက်ခဲ့ပြီး Reno, Reno2, Reno2 F, Reno3, Reno3 Pro, Reno4, Reno4 Pro, Reno5 စတဲ့ ဖုန်းတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ၂၀၂၁ နောက်ပိုင်းမှာတော့ Reno Series သစ်တွေကိုတွေ့မြင်ရခြင်း မရှိတော့ပါဘူး။

အခုတော့ OPPO ဟာ Reno8 T ကို မြန်မာနိုင်ငံမှာ တစ်ခါပြန်ပြီး မိတ်ဆက်လာခဲ့ပြန်ပါပြီ။ Reno8 T ကတော့ မြင်မြင်ချင်းမှာပဲ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ဖန်တီးထားတယ်ဆိုတာ ငြင်းလို့မရပါဘူး။ Sunset Orange နဲ့ Midnight Black အရောင် နှစ်မျိုးကို ထုတ်လုပ်ထားပြီး Sunset Orange မှာဆိုရင် Fiberglass-Leather Stitching ဒီဇိုင်းလည်း ဖြစ်တာကို တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ Reno ရဲ့ အမှတ်သင်္ကေတလို့ပြောရမဲ့ Portrait ပိုင်း ကောင်းမွန်တဲ့ Camera ကို ပိုကောင်းတဲ့ အနေအထားနဲ့ တွေ့မြင်လာရတာပါပဲ။ အသေးစိတ်ကိုတော့ ဒီဆောင်းပါးမှာ ဆက်ပြီးပြောပြပေးသွားပါမယ်။

ဒီဇိုင်း

အရင်ဦးဆုံး First impression ဖြစ်တဲ့ ဒီဇိုင်းပိုင်းကနေ အရင်စပြောရရင် OPPO Reno 8T ရဲ့ ဒီဇိုင်းက မြင်လိုက်တာနဲ့ သန့်တယ်၊ ခန့်တယ်လို့ ပြောရလောက်တဲ့ ဒီဇိုင်းလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ Sunset Orange အရောင်ရဲ့ ဒီဇိုင်းမှာ Stitching လေးကို အသေးစိတ်ဖန်တီးပေးထားတာက တကယ်ကို ကြိုက်နှစ်သက်ရတဲ့ အချက်ပါပဲ။ OPPO ကတော့ ဒီဇိုင်းကို Fiberglass-leather Design လို့ ပြောပါတယ်။ Texture ကိုလည်း Leather နဲ့ တူအောင် ဖန်တီးပေးထားတာ ကိုင်တွယ်ရတဲ့အရသာက Leather ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ရသလို ခံစားရစေပါတယ်။ ဂျင်းသားနဲ့ အကြိမ် ၂ သိန်း အထိ ပွတ်တိုက်ခံနိုင်တယ်လို့ OPPO က ပြောထားတဲ့အတွက် ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်လေ့ရှိတဲ့သူတွေအတွက် အတော်လေး အဆင်ပြေတဲ့အနေအထားဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

ကျွန်တော့်လက်ထဲကို ရောက်လာတာကတော့ အနက်ရောင် မော်ဒယ် Reno8 T ပါ။ အနက်ရောင်ဒီဇိုင်းက OPPO Glow Design ကို  String Runway Track Design နဲ့ဆိုတော့ ယောက်ျားလေးတွေ ပိုပြီး ကြိုက်မယ်လို့ ထင်ပါတယ်။ အနက်ရောင်မော်ဒယ်က လိမ္မော်ရောင်ထက် မသိမသာပိုပါးသလို၊ မသိမသာ ပိုပေါ့ပါတယ်။ အနက်ရောင်လို့သာ အလွယ်တကူပြောလိုက်ရပေမဲ့ တကယ်တမ်းတော့ အနက်စစ်စစ်ကြီးလည်းမဟုတ်ပါဘူး။ OPPO က နာမည်ပေးထားတဲ့ Midnight Black ဆိုတဲ့အတိုင်းပါပဲ။ နက်ပြာရောင်ဆိုတဲ့ အနက်လို့ပဲ ပြောရပါလိမ့်မယ်။ အလင်းရောင်ပေါ်မူတည်ပြီး ရောင်ပြေးလေးတွေက Color Tone ကို အနုအရင့် ဖြစ်သွားစေတာက တကယ်ကောင်းပါတယ်။ ဒီအလှတွေကို ပေါ်လွင်အောင်လို့ Cover မတပ်ဘဲ သုံးသင့်တယ်လို့တောင် အကြံပေးချင်ပါတယ်။

မျက်နှာပြင်

Reno8 T ဟာ 6.43-inch အရွယ်အစားရှိ AMOLED မျက်နှာပြင်ဖြစ်ပြီး 1080×2400 FHD resolution နဲ့ 90Hz refresh rate ကို ထောက်ပံ့ပေးထားပါသေးတယ်။ ဒါဟာ ဖျော်ဖြေရေးအတွက် အကောင်းဆုံးမဟုတ်ပေမဲ့ Fair ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ Corning Gorilla Glass 5 ကို သုံးပေးထားတဲ့အတွက် ပွန်းရာ၊ ခြစ်ရာ၊ မတော်တဆ ထိခိုက်တာတွေကိုတော့ အတော်အသင့် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ By the way, Reno8T မှာ Stereo Speakers တွေ ထည့်ပေးထားတာကိုတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

မျက်နှာပြင်နဲ့ပတ်သက်ပြီး နောက်ဆုံးပြောချင်တာက Finger print ကို Under display လုပ်ပေးထားတာပါပဲ။ သုံးကြည့်ရသလောက်ကတော့ Reno8 T ရဲ့ UD fingerprint က တုံ့ပြန်မှုမြန်ပါတယ်။ ဒါပေမဲ့ လက်မှာ ချွေးစိုနေတာမျိုးဆိုရင်တော့ နည်းနည်းအချိန်ယူရပါလိမ့်မယ်။

Specification

OPPO Reno8 T မှာသုံးထားတဲ့ Chipset က MediaTek Helio G99 ပါ။ 6nm processor ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ သာမန် User တွေအတွက် သင့်တော်တဲ့ ထောက်ပံ့မှုပဲလို့ ဆိုရပါလိမ့်မယ်။ ဂိမ်းအများစုကို ကောင်းကောင်း ကစားနိုင်ပေမယ့် Graphic နဲ့ CPU work load တောင်းဆိုမှုမြင့်မားတဲ့ ဂိမ်းအမြင့်တွေကို အချိန်ကြာကြာ ကစားဖို့တော့ မသင့်တော်ပါဘူး။ 8GB RAM အပြင် နောက်ထပ် 8GB ကို Expansion လုပ်လို့ရသေးတဲ့အတွက် Web browsing လုပ်တာ၊ Social media App တွေ သုံးတာ၊ ဗီဒီယို ကြည့်တာ၊ Multi-tasking သုံးတာတွေမှာ အတော်လေးကို အဆင်ပြေပါတယ်။ 128GB Storage ပါတဲ့အပြင် microSD Card နဲ့ ထပ်ပြီ တိုးချဲ့လို့ရတာလေးကလည်း ကောင်းပါတယ်။ ကြိုက်တာလေးတစ်ခုက SIM Slot မှာ SIM ကတ်ထည့်ဖို့နဲ့ SD ကတ်ထည့်ဖို့ကို ကျောချင်းကပ်နေရာချထားတာလေးပါပဲ။

ဘက်ထရီ

Reno8 T မှာ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 33W SuperVOOC Charging ထောက်ပံ့ပေးထားပါတယ်။ 5000 mAh ဘက်ထရီက သုံးထားတဲ့ CPU ရဲ့ စွမ်းဆောင်ရည်နဲ့ OPPO ရဲ့ ColorOS 13 တွေကြောင့် အတော်လေးကို ကောင်းမွန်တဲ့ Result ကို ဖြစ်ပေါ်စေပါတယ်။ Power User တွေအတွက်တော့ အသုံးပြုရချိန် တိုတောင်းတယ်လို့ ခံစားရနိုင်ပေမဲ့ သာမန် User တွေအတွက်တော့ 24 hours အတွင်း စိတ်ကြိုက်သုံး အားမကုန်ဘူးလို့တောင် ခံစားရစေနိုင်ပါတယ်။ စမ်းသုံးကြည့်ရသလောက်ကတော့ Battery Percent 20% ကို နာရီဝက်အတွင်း 70% နီးနီး ရောက်ပါတယ်။ OPPO ကတော့ 5,000mAh ကို 72minutes နဲ့ အားအပြည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

ကင်မရာ

OPPO Reno8 T နဲ့ပတ်သက်ပြီး အပြောချင်ဆုံးက ကင်မရာပိုင်းပါပဲ။ Main camera က 100MP f/1.7 ဖြစ်ပါတယ်။ ကျန်တဲ့ ကင်မရာနှစ်လုံးက 2MP Depth sensor နဲ့ 2MP micro lens တွေပါ။ ပြောချင်တာက 100MP main camera ရဲ့ Detail ကျမှုပါ။ ထုံးစံအတိုင်း 100MP camera နဲ့ ရိုက်ပြီးသားပုံတစ်ပုံကို 10x zoom ချဲ့ကြည့်တော့ Photo Quality ပိုင်းက အတော်လေး ကျန်နေသေးတာကို သဘောကျရပါတယ်။ နောက်တစ်ချက် Portrait ရိုက်ကူးမှုပိုင်းမှာ တခြားသူနဲ့ Level တူ ပြိုင်ဘက်တွေနဲ့ ဒေါင်ဒေါင်မြည် ယှဉ်နိုင်တယ်လို့ မှတ်ချက်ချချင်ပါတယ်။

Reno8 T ရဲ့ ကင်မရာပိုင်းမှာ မဖြစ်မနေထပ်ပြီးပြောချင်တာက Micro lens camera အကြောင်းပါ။ 20x ကနေ 40x အထိ Zoom ချဲ့ရိုက်ကူးနိုင်တဲ့အပြင် စမ်းသပ်ရိုက်ကူးရသလောက်က တကယ့်ကို Awesome result ပါပဲ။ Micro lens က သိပ်ပြီးအသုံးမများကြဘူးဆိုပေမဲ့ ကိုယ့်ဖုန်းမှာ ဒီလို အရည်အသွေးနဲ့ရိုက်ကူးနိုင်တဲ့ micro lens camera ရှိနေတာကတော့ မကြိုက်တဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ ဒါတင်မကသေးပါဘူး Main Camera ရဲ့ Day and Night photography ပိုင်းမှာလည်း Reno8 T က အတော်လေးကို တိုးတက်လာပါပြီ။ ဒါပေမဲ့ 32MP Selfie ကင်မရာနဲ့ Low light photography ပိုင်းမှာတော့ အခုထက်ပိုကောင်းတဲ့ ရိုက်ကူးမှုအတွေ့အကြုံကို ရချင်တာတော့ အမှန်ပါပဲ။

OPPO Reno8 T နဲ့ပတ်သက်ပြီး နည်းနည်းလေး ကွန့်ပြီးပြောချင်သေးတာတစ်ခုကတော့ Orbit Light လေးအကြောင်းပါ။ ဘာမှမဟုတ်ဘူးဆိုပေမဲ့ Fancy လည်းကျသလို တကယ်လည်း အသုံးဝင်တဲ့ ထောက်ပံ့မှုလေးတစ်ခုဖြစ်လို့ ကျွန်တော်ကတော့ နှစ်သက်ပါတယ်။ Orbit light color ကို ၈ မျိုး ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Orbit light color ကို ကြည့်လိုက်တာနဲ့ Call, Notification, Game ဘာလဲဆိုတာကို တန်းပြီးသိနိုင်ပါတယ်။

သုံးသပ်ချက်

အဆုံးသတ်ပြောရမယ်ဆိုရင်တော့ OPPO Reno8 T က ဒီဇိုင်းပိုင်းမှာ ပိုပြီးကောင်းလာတဲ့ စမတ်ဖုန်းတစ်လုံးပါ။ စွမ်းဆောင်ရည်ပိုင်း၊ သိုလှောင်မှုနဲ့ ဘက်ထရီပိုင်းမှာလည်း Normal user တွေအတွက် Daily usage ဆိုတာထက် ပိုတဲ့ အတွေ့အကြုံကောင်းကို ရရှိစေတာတွေ့ရပါတယ်။ နောက်ပြီးတော့ Reno တွေရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ Portrait ကင်မရာပိုင်းမှာလည်း စိတ်မပျက်ရအောင် ပံ့ပိုးပေးထားတာ တွေ့ရပါတယ်။ အပျော်တမ်း ရိုက်ကူးလိုသူတစ်ယောက်အတွက်တော့ Fine ပါ။ တန်ဖိုးက 899,900Ks ဆိုတော့ ဒီဈေးတန်းနဲ့ ဒီဖုန်းကို Reno Fan တွေ နည်းနည်းလေးမှ စိတ်ပျက်ရမှာမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ Reno is Back ပါ။