ETNews က Samsung Display က တရုတ်ကုမ္ပဏီတွေကို Foldable မျက်နှာပြင် ရောင်းချဖို့ သဘောတူထားပြီးပြီလို့ သတင်းပေးလာပါတယ်။ ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း မျက်နှာပြင်တွေ စတင်ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ဒီနှစ်မကုန်ခင် ၁ သန်းလောက် ရအောင် လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီအတွက် ဒီနှစ် ဒုတိယနှစ်ဝက်လောက်မှာ Foldable ဖုန်းတွေ အပြိုင်အဆိုင် ထွက်လာနိုင်ပါတယ်။ အတွင်းသတင်းတွေအရ OPPO , Vivo နဲ့ တခြား ကုမ္ပဏီတွေဟာ အဲဒီဖုန်းတွေကို ဒီနှစ်ထဲ ချပြမယ်လို့ သိရပါတယ်။ Samsung ဟာ Z Fold လို အရွယ်ကြီး Foldable မျက်နှာပြင်တွေနဲ့ Z Flip လို အရွယ်သေး Foldable မျက်နှာပြင်တွေကို ပံ့ပိုးပေးမှာပါ။

လက်ရှိမှာ Samsung Display ရဲ့ Foldable မျက်နှာပြင်တွေကို Samsung Electronics ကပဲ သုံးနေတာပါ။ Samsung Display ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစလို့ တခြား ဝယ်လက်တွေကို ရှာနေခဲ့တာ ဖြစ်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။

Huawei ဟာ Samsung Display ဆီကနေ ဝယ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် အခက်တွေ့ခဲ့ရပါတယ်။ အဲဒီအတွက် Huawei ဟာ BOE ဆီက Foldable မျက်နှာပြင်တွေကိုပဲ သုံးခဲ့ရပါတယ်။ တရုတ်မှာ အဲဒီ မျက်နှာပြင်တွေထုတ်နေတဲ့ နောက် ကုမ္ပဏီ ၁ ခုက CSOT ဖြစ်ပါတယ်။

Samsung Display ဟာ Foldable မျက်နှာပြင်မှာ Ultra Thin Glass (UTG) သုံးထားတဲ့ ၁ ခုထဲသော ကုမ္ပဏီ ဖြစ်နေတာက အားသာချက်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက သတင်းအရ BOE ဟာလည်း UTG တွေသုံးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Samsung Display ဟာ ဒီနှစ်မှာ Foldable မျက်နှာပြင် ၁၀ သန်းကျော် ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။ အဲဒီအထဲက ၁ သန်းလောက် တရုတ်ကို ရောင်းချနိုင်ပြီး ကျန်အားလုံးကို Samsung Electronics က သုံးမှာပါ။ အထက်ပါ ဇယားမှာ မျက်နှာပြင် အမျိုးအစား ၁ ခုစီအတွက် ထုတ်လုပ်ပေးမယ့် အရေအတွက် ခန့်မှန်းချက်ကို လေ့လာနိုင်ပါတယ်။

Ref : gsmarena