ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေကြတဲ့ ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ထုတ်ကုန်တွေကို အရည်အသွေးစစ်ဆေးပြီးမှ ဈေးကွက်ထဲကို ပို့လေ့ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့်၊ ချို့ယွင်းမှုတွေကတော့ ရှိနေကြဆဲ ဖြစ်ပါတယ်။ အခုလည်း Apple ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေဖြစ်တဲ့ iPhone 12 အချို့မှာ ပြဿနာအချို့ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

ဒီပြဿနာက ပြီးခဲ့တဲ့အောက်တိုဘာကတည်းက စခဲ့တာပါ။ iPhone 12 တွေဟာ (မော်ဒယ်လေးမျိုးစလုံး ပါဝင်) 5G နဲ့ 4G ကွန်ရက်တွေမှာ ဆယ်လူလာဆက်သွယ်မှုပြတ်တောက်သွားလေ့ရှိတယ်လို့ ရာပေါင်းများစွာသော သုံးစွဲသူတွေက Apple ရဲ့ ဖိုရမ်မှာ ပြောနေခဲ့ကြတယ်လို့ သိရပါတယ်။ iPhone ရဲ့ Signal bar တွေအားလုံးပိတ်သွားပြီး “Your iPhone is not Activated” ဆိုတဲ့ Message ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီလိုမျိုးပြဿနာက Verizon နဲ့ AT&T အသုံးပြုသူတွေဆီမှာ ဖြစ်နေကျဆိုပေမယ့် အခုတော့ TMobile သုံးစွဲသူတွေကလည်း အလားတူပြဿနာနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ iPhone 12 သုံးစွဲသူတစ်ဦးကတော့ ဒီလိုမျိုးပြဿနာကို ကားနဲ့ခရီးသွားနေချိန်အများစုမှာ ပိုပြီးကြုံရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့က Airplane mode ကို ဖွင့်လိုက်ပြီး နောက်တစ်ခါပြန်ပိတ်လိုက်တာမျိုး ပြုလုပ်ရတယ်လို့ ဆိုပါတယ်။

Reddit က အခြားမှတ်ချက်ပေးသူတစ်ဦးကတော့ ဒီပြဿနာဟာ Reboot လုပ်လိုက်ရင် ပြေလည်သွားတယ်လို့ ဆိုခဲ့ပါသေးတယ်။ လောလောဆယ်အထိတော့ Apple က ဒီ Issue ကို ကိုင်တွယ်ဖြေရှင်းပေးမယ်လို့ တရားဝင်ထုတ်မပြောထားသေးပါဘူး။ ဒီပြဿနာဟာ Software update ပြုလုပ်ရုံနဲ့ ပြေလည်သွားနိုင်တာကြောင့် ကုမ္ပဏီက ဘယ်လိုလုပ်ပေးမလဲဆိုတာကိုပဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena