Xiaomi ဟာ Consumer Electronics လောကမှာ အောင်မြင်နေပြီး လျှပ်စစ်ကား လောကထဲကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ Xiaomi ရဲ့ ပထမဆုံးလျှပ်စစ်ကား ဖြစ်တဲ့ SU7 ရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

စက်မှုလက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက SU7 ကို တရားဝင် ခွင့်ပြုထားပါတယ်။ အခုတော့ အဲဒီကားကို လမ်းမှာ စမ်းသပ်မောင်းနှင်နေတဲ့ ဓါတ်ပုံတွေ ထွက်လာပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

ဓါတ်ပုံတွေအရ C-class Luxury Sedan အမျိုးအစား ဖြစ်ပြီး ဆောင်းရာသီ စမ်းသပ်မှုကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ SU7 ဟာ စွမ်းရည်မြင့် လျှပ်စစ်ကား ဖြစ်ပါတယ်။ Xiaomi ဟာ Beijing Automotive Group နဲ့ ပူးပေါင်းကာ အဲဒီကားကို ထုတ်လုပ်ထားတာပါ။

ဓါတ်ပုံတွေမှာ SU7 ရဲ့ အနောက်ဘက် ဒီဇိုင်းကိုလည်း မြင်ရပြီး အရင်က သတင်းအချက်အလက်တွေနဲ့ တူညီပါတယ်။ ကား မော်ဒယ်တချို့မှာ Brembo Brake Calipers တပ်ဆင်ထားမှာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည် ကောင်းမှာပါ။

အဲဒီ လျှပ်စစ်ကားအတွက် Version ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး 220 kW Motor ပါတဲ့ ၁ နာရီကို ၂၁၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနိုင်တဲ့ Version နဲ့ 220 kW ၊ 275 kW Motor ပါတဲ့ ၁ နာရီကို ၂၆၅ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနိုင်တဲ့ Version ဖြစ်ပါတယ်။

ကားမှာ Xiangyang Fodi Battery Co., Ltd က ထုတ်လုပ်ထားတဲ့ Lithium Ion Phosphate Battery နဲ့ CATL New Energy Technology Co., Ltd က ထုတ်လုပ်ထားတဲ့ Ternary Lithium-ion Battery ထည့်သွင်းထားပါတယ်။

SU7 အတွက် SU7, SU7 Pro နဲ့ SU7 Max ဆိုပြီး မော်ဒယ် ၃ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina