Huawei P40 နဲ့ P40 Pro ဖုန်းသစ်တွေကို လာမယ့်မတ်လ ၂၆ ရက်နေ့မှာ အွန်လိုင်းကနေ မိတ်ဆက်သွားတော့မှာပါ။ ဒါပေမယ့် မိတ်ဆက်ဖို့ နှစ်ပတ်လောက် လိုသေးတဲ့အချိန်မှာ သူတို့ရဲ့ဈေးနှုန်းနဲ့ ပတ်သက်ပြီး စတင်သတင်းထွက်လာခဲ့ပါပြီ။

အမည်မသိရတဲ့ အတွင်းသတင်းအရတော့ ရိုးရိုး P40 ကို 128GB Storage နဲ့ဆိုရင် ယူရို ၈၄၉ (မြန်မာငွေ ၁၃ သိန်း) ကျသင့်မယ်လို့ ဆိုထားပြီး Pro မော်ဒယ်ကတော့ 256GB ဗားရှင်းကို ယူရို ၁၁၃၉ (မြန်မာငွေ ၁၇ သိန်းခွဲ) လောက် ကျမယ်လို့ ဆိုပါတယ်။

တရုတ်ပြည်တွင်းက ထွက်လာတဲ့ နောက်ထပ်ရင်းမြစ်တစ်ခုကတော့ 8/128 GB နဲ့ P40 တစ်လုံးကို ယူရို ၉၉၉ (မြန်မာငွေ ၁၅ သိန်းကျော်) ကျသင့်မယ်လို့ ဆိုထားပြီး နောက်ထပ် ယူရို ၁၀၀ (မြန်မာငွေ တစ်သိန်းခွဲ) လောက်ထပ်ပေးရင် 256GB ဗားရှင်း ရမယ်လို့ဆိုထားပါတယ်။

P40 စီးရီးတစ်ခုလုံးဟာ ဧပြီလမှာ ဂရိဈေးကွက်ကို စတင်ဝင်ရောက်မှာဖြစ်ပြီး မကြာသေးခင်က မိတ်ဆက်ထားတဲ့ Mate Xs Foldable စမတ်ဖုန်းလည်း ပါဝင်လာမှာဖြစ်ပါတယ်။ နောက်ထပ်တစ်လအတွင်း ကျန်ရှိတဲ့ဥရောပဈေးကွက်တွေကို ဆက်လက်ဝင်ရောက်လာမယ်လို့ ယူဆရပါတယ်။

Huawei ကတော့ သူ့ရဲ့ P40 စီးရီးအတွက် ဈေးနှုန်းနဲ့ ရောင်းချမယ့်ဈေးကွက်တွေကို အတည်မပြုသေးပါဘူး။ မတ်လ ၂၆ ရက်နေ့ မိတ်ဆက်ပွဲမှသာ ထုတ်ဖော်လာမှာဖြစ်ပါတယ်။

Ref – GSM Arena