ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါကြောင့် MWC ကို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ပွဲအခမ်းအနားနဲ့ မကျင်းပခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်မှာတော့ ကပ်ရောဂါကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်တဲ့အတွက် ကမ္ဘာ့ အကြီးမားဆုံး နည်းပညာ ပြပွဲ ဖြစ်တဲ့ Mobile World Congress (MWC) ကို ၂၀၂၂ ခုနှစ်မှာ ပွဲ အခမ်းအနားနဲ့ ဒီလ ၂၈ ရက်နေ့ စပိန်နိုင်ငံ ဘာစီလိုနာမှာ GSMA က ကျင်းပတော့မှာပါ။
ဒါပေမယ့် MWC ကို ကျင်းပဖို့ ရက်ပိုင်းအလို ဖေဖော်ဝါရီလ ၂၄ မှာ ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့အတွက် ဥရောပ နိုင်ငံများစွာဟာ ကမ္ဘာ့ ပွဲအခမ်းအနားတွေမှာ ရုရှား ပါဝင်ခွင့်ကို ပိတ်ပင်နေကြသလို စီးပွားရေး ပိတ်ဆို့မှုတွေကို ပြုလုပ်နေကြပါတယ်။ အခုတော့ ရုရှားကို ပိတ်ပင်တဲ့ အဖွဲ့အစည်းထဲမှာ GSMA လည်း ပါဝင်လာပြီ ဖြစ်ပြီး MWC 2022 နဲ့ ဒီနှစ်ထဲ ကျင်းပမယ့် ပွဲတွေကို ရုရှား ကုမ္ပဏီတွေ တက်ရောက်ခွင့် ပိတ်ပင်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။
GSMA က “ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို အပြင်းအထန် ကန့်ကွက်ပါတယ်။ နိုင်ငံများစွာဟာ ရုရှား အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ တိုးမြှင့် လုပ်ဆောင်နေတာကို သိနားလည်ပါတယ်။ GSMA ဟာ အစိုးရတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ မူဝါဒတွေကို လိုက်နာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ MWC 2022 ကို ရုရှား ကုမ္ပဏီတွေ တက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး ပွဲရဲ့ လုံခြုံရေးကို အခြေအနေအလိုက် စီစဉ်မှာပါ။ “ လို့ ကြေညာလိုက်ပါတယ်။
ရုရှားကို ဆန့်ကျင်တဲ့ အနေနဲ့ GSMA ဟာ MWC 2022 နဲ့ GSMA ရဲ့ ပွဲတွေမှာ ပါဝင်မယ့် ရုရှား ကုမ္ပဏီများစွာကို အမည်ပျက်စာရင်းထဲ ထည့်သွင်းထားပါတယ်။ GSMA ဟာ MWC 2022 ကို နောက်ဆုတ်မယ့် အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။
Ref : gizmochina