ဧရာမအင်တာနက်ကုမ္ပဏီကြီးတွေဟာ အငြင်းပွားဖွယ်ရာကိစ္စတွေနဲ့ ကင်းဝေးတယ်လို့ မရှိပါဘူး။ ဥပမာအားဖြင့် Google ဟာ EU ရဲ့ တင်းကြပ်တဲ့စည်းမျဉ်းတွေကို ချေဖျက်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း ပေါ်ထွက်လာတာမျိုး ဖြစ်ပါတယ်။ အခုလည်း Facebook, Twitter နဲ့ YouTube တို့ဟာ စိတ်မချရတဲ့အနံ့ထွက်နေတယ်လို့ ရုရှားက စွပ်စွဲလိုက်ပြီ ဖြစ်ပါတယ်။

ရုရှားပါလီမန်ဟာ အမေရိကန်ရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးတွေကို ဆန့်ကျင်တဲ့ဥပဒေကို ရေးဆွဲခဲ့ကြောင်း Financial Express က ဖော်ပြခဲ့ပါတယ်။ Facebook, Twitter နဲ့ Google ရဲ့ YouTube တို့ဟာ ရုရှားပြည်သူတွေရဲ့ Content တွေပေါ်မှာ အပြစ်ရှိတဲ့ ဆင်ဆာဖြတ်ခြင်းတွေ တွေ့ရှိရမယ်ဆိုရင်၊ ဒီဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ပိတ်ပင်သွားမယ်လို့ သိရပါတယ်။

ရုရှားပါလီမန်ဟာ သူတို့ရဲ့ အားနည်းချက်တွေကို ကျော်ခွနေတဲ့ဒီကုမ္ပဏီတွေကို ကန့်သတ်ချုပ်ချယ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စပိုပြီးကြီးမားလာရခြင်းအကြောင်းရင်းဟာ၊ အဆိုပါကုမ္ပဏီတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ များပြားလာရတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းတော့ ဒီလိုဆင်ဆာဖြတ်တာဟာ ရုရှားမီဒီယာတွေကို သိပ်ပြီးတော့ ထိခိုက်စေတာတော့ မဟုတ်ပါဘူး။

ဗြိတိန်လို အခြားနိုင်ငံတွေကလည်း ဒီကုမ္ပဏီတွေနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ပြင်ဆင်နေချိန်မှာ ရုရှားရဲ့ ဒီအရွေ့ကလည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီဥပဒေကို ပါလီမန်ရဲ့ အောက်လွှတ်တော် (ဒူးမားလွှတ်တော်)က အတည်ပြုခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရုရှားပါလီမန်ကတော့ ဘာသာစကား၊ နိုင်ငံသားပေါ်အခြေခံပြီး သတင်းအချက်အလက်တွေကို ကန့်သတ်မယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဘယ်ကုမ္ပဏီကိုမှ သက်ညှာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံဟာ လွှတ်တော်နှစ်ရပ်ရှိပါတယ်။ သမ္မတဦးဆောင်တဲ့ ပါလီမန်ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်ပါတယ်။ လွှတ်တော်ဖြစ်တဲ့ ဖက်ဒရယ်ညီလာခံကို အထက်လွှတ်တော် (ဖက်ဒရယ်ကောင်စီ) နဲ့ အောက်လွှတ်တော် (ဒူးမားလွှတ်တော်) တို့နဲ့ဖွဲ့စည်းထားပါတယ်။ ဥပဒေပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်နှစ်ရပ်နဲ့ သမ္မတရဲ့ သဘောတူခွင့်ပြုချက် လိုအပ်ပါတယ်။

Ref: Gizmochina