Samsung ဟာ လက်ရှိအချိန်မှာ Exynos Chipset တွေကို ကိုယ်တိုင်ထုတ်လုပ်နေပြီးတော့ Samsung ဖုန်းတွေအကုန်လုံးနီးပါးမှာလည်း အသုံးပြုနေတယ်လို့ ပြောနိုင်ပါတယ်။ တချို့သော Flagship ဖုန်းတွေနဲ့ Mid Range ဖုန်းတွေမှာပဲ Qualcomm Snapdragon Chipset တွေကို အသုံးပြုတာလည်း ဖြစ်ပါတယ်။

အခုလည်း Samsung ကနေ Exynos Chipset တွေကို Xiaomi ၊ OPPO နဲ့ Vivo ကုမ္ပဏီတွေကို ရောင်းချသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ Samsung ဟာ အစောပိုင်းတုန်းကတော့ Vivo ကုမ္ပဏီရဲ့ X Series စမတ်ဖုန်းတွေအတွက် Exynos Chipset တွေကို ရောင်းချခဲ့ဖူးပေမယ့် Xiaomi နဲ့ OPPO ကုမ္ပဏီတွေကတော့ Exynos Chipset နဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။

Xiaomi နဲ့ OPPO ဟာ လာမယ့် ၂၀၂၁ အစောပိုင်းမှာ Exynos Chipset နဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပြီး အရင်ဆုံး Budget စမတ်ဖုန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ Vivo အနေနဲ့ကတော့ လာမယ့် ဒီဇင်ဘာလအတွင်းမှာ Samsung ရဲ့ 5nm Architecture အသုံးပြုထားတဲ့ Exynos 1080 Chipset ပါဝင်တဲ့ Vivo X60 Series ဖုန်းတွေကို မိတ်ဆက်လာမှာဖြစ်ပါတယ်။

Xiaomi နဲ့ OPPO လိုမျိုး ကုမ္ပဏီတွေက Exynos Chipset ကို အသုံးပြုမယ်ဆိုတာက လက်ရှိ MediaTek နဲ့ Qualcomm Snapdragon Chipset တွေကို အသုံးပြုနေမှုကို လျော့ချသွားနိုင်မလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများတာကတော့ လောလောဆယ်မှာ Budget အဆင့်ပဲ အသုံးပြုမှာဖြစ်တဲ့အတွက် High End နဲ့ Flagship ဖုန်းတွေမှာတော့ Snapdragon Chipset တွေကိုပဲ ဆက်လက်သုံးစွဲဖို့များနေပါတယ်။

Samsung ဟာ လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ Exynos 1080 Chipset ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး စွမ်းဆောင်ရည်အနေနဲ့ လက်ရှိအကောင်းဆုံး Qualcomm Snapdragon 865+ Chipset ထက်တောင် ပိုကောင်းမွန်နေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy S21 ဖုန်းတွေမှာ အသုံးပြုလာမယ့် Exynos 2100 Chipset ကလည်း Qualcomm Snapdragon 875 Chipset ထက် စွမ်ဆောင်ရည်ပိုကောင်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၂၁ အတွက်ကတော့ Samsung Exynos Chipset တွေက နာမည်ကောင်းပြန်လည်ရရှိလာဖို့များနေပါပြီ။

Ref – Android Authority