Google ဟာ Pixel စမတ်ဖုန်းတွေအတွက် Android 12 Beta ကို ထုတ်ပေးနေတာ လပိုင်းရှိနေပြီဖြစ်သလို အခုအချိန်မှာ Beta 5 ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့်လပိုင်းမှာ Stable Update အနေနဲ့ထွက်ရှိလာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Android 12 Update ကို ပေးနိုင်ဖို့အတွက် အပြိုင်အဆိုင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Samsung လည်းပါဝင်ပြီးတော့ Android 12 ကို အခြေခံထားတဲ့ OneUI 4.0 Beta Update ကို ယခု စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးသိရတဲ့သတင်းအရတော့ Samsung ဟာ အဆိုပါ OneUI 4.0 Beta ကို မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းလိုက်ပြီလို့ သိပါတယ်။ အဆိုပါ သတင်းကို Official Forum မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ Beta Version ကို ထုတ်ပေးသွားမလဲဆိုတာကို ပြောကြားနိုင်ခြင်းမရှိသေးဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။

Samsung ဟာ နောက်ဆုံးအနေနဲ့ OneUI 3.1.1 Update ကို ထုတ်ပေးထားပေမယ့် Feature ပိုင်းမှာတော့ သိသိသာသာပြောင်းလဲမှုမရှိခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ အဲ့ဒီအတွက် ယခုအသစ်မိတ်ဆက်လာမယ့် Android 12 ကို အခြေခံထားတဲ့ OneUI 4.0 မှာတော့ UI Design အပြင် Feature အသစ်တွေပါ ပါဝင်လာမယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး OneUI 4.0 Beta ကို မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းလိုက်တာကြောင့် Samsung Device အသုံးပြုသူတွေအနေနဲ့ Android 12 ကို Update ပြုလုပ်နိုင်ဖို့ကတော့ အချိန်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ Stable Version အနေနဲ့ကတော့ ယခင်အတိုင်းပဲ Google ကနေ Android 12 Stable Update ထွက်ရှိပြီး ၆ လကနေ ၁ နှစ်အတွင်းရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China