ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး Huawei ဟာ သူ့ရဲ့ထုတ်ကုန်တွေအတွက်လိုအပ်ပစ္စည်းတွေကို ဖြတ်တောက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီထဲမှာ Chip ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေလည်းပါဝင်သလို၊ Samsung Display နဲ့ Mate 40 Pro မော်ဒယ်သစ်မှာအသုံးပြုတဲ့ Panel အချို့ကို ထောက်ပံ့ပေးတဲ့ LG Display လည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက အမေရိကန်နည်းပညာနဲ့ မကင်းတဲ့ လုပ်ငန်းတွေအနေနဲ့ Huawei နဲ့ ကုန်သွယ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေထုတ်ထားပြီး ခွင့်ပြုချက်လိုင်စင်လည်း စိစစ်ထုတ်ပေးနေတာဖြစ်ပါတယ်။ Reuters နဲ့ The Elec ရဲ့ ဖော်ပြချက်အရ Samsung Display ဟာ သူ့ရဲ့ Panel အချို့ကို တရုတ်ကုမ္ပဏီဆီရောင်းချဖို့ ခွင့်ပြုချက်ရခဲ့ပြီလို့ သိရပါတယ်။

ဒါပေမယ့် ခွင့်ပြုချက်လိုင်စင်က အခက်အခဲအားလုံးကို ဖြေရှင်းနိုင်တာမဟုတ်ပါဘူး။ Samsung ဟာ သူ့ရဲ့ Display တွေကို Huawei ဆီ တင်ပို့နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ထောက်ပံ့ရေးကွင်းဆက်မှာပါဝင်တဲ့ ကုမ္ပဏီတွေအားလုံးဟာ အမေရိကန်ရဲ့ ခွင့်ပြုလိုင်စင် လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။

ပြဿနာကတော့ Driver နဲ့ပတ်သက်ပြီး ARM က ဒီဇိုင်းလုပ်ထားတဲ့ Display တွေအတွက် အသုံးပြုတဲ့ Touch ICS ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပြဿနာနဲ့ပတ်သက်ပြီး Samsung ရော Huawei ကပါ တရားဝင်မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။

LG Display နဲ့ SK Hynix (RAM နဲ့ Flash chips တွေထုတ်လုပ်သူ) တို့ကတော့ အခုထိခွင့်ပြုလိုင်စင် မရသေးတာ ဖြစ်ပါတယ်။ Samsung Display ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Samsung Electronics လည်း လိုင်စင်မရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Huawei ဟာ Display အတွက် တရုတ်အခြေစိုက် BOE တစ်ခုတည်းကိုပဲ မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

Ref: GSM Arena