Samsung Display ဟာ ထုတ်လုပ်မှုလိုင်းအသစ်တစ်ခုတည်ဆောက်ဖို့ စီစဉ်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဒီထုတ်လုပ်မှုဟာ Notebook ဒါမှမဟုတ် Notebook Display တွေအတွက်ဖြစ်ပြီး စက်ရုံကတော့ တောင်ကိုရီးယားနိုင်ငံ Asan မှာရှိတဲ့ A4 စက်ရုံလို့ ဆိုပါတယ်။

TheElec ရဲ့ ဖော်ပြမှုအရ တောင်ကိုရီးယားဧရာမနည်းပညာကုမ္ပဏီကြီးဟာ လစဉ် အလွှာ ၃ သောင်းထုတ်လုပ်နိုင်မယ့် ထုတ်လုပ်မှုလိုင်းအသစ်ကို စတင်ဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါဟာ 18-20-inch ကြား Mid-range OLED display panel တွေဖြစ်ပြီး Laptop ဈေးကွက်ကိုပစ်မှတ်ထားတဲ့ ထုတ်လုပ်မှုလို့လည်း ဆိုပါတယ်။

Samsung ဟာ ဒီထုတ်လုပ်မှုစီမံကိန်းကို ကုမ္ပဏီတွင်းမှာ N Project အဖြစ် နာမည်ပေးသတ်မှတ်ထားပါတယ်။ အက္ခရာ “N” ကတော့ Notebook ကို ရည်ညွှန်းတယ်လို့ သိရပါတယ်။ အရင်တုန်းကလည်း Notebook liquid crystal display (LCD) လိုင်းကိုလည်း N Project လို့ နာမည်ပေး ခေါ်တွင်ခဲ့ဖူးပါတယ်။

ထုတ်လုပ်မှုလမ်းကြောင်းသစ်မှာ လိုအပ်မယ့်ပစ္စည်းကိရိယာတွေကိုလည်း ဒီနှစ်နွေရာသီမှာ အမှာစာတွေစတင်ပေးပို့တော့မယ်လို့ သိရပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုကို ဒီနှစ်ထဲမှာ၊ ဒါမှမဟုတ် လာမယ့် ၂၀၂၂ အစောပိုင်းမှာ စတင်သွားဖွယ်ရှိပါတယ်။ Samsung Display အနေနဲ့ Notebook OLED panel တွေကို အစောကတည်းက ထုတ်လုပ်နှင့်ပြီးဖြစ်တာကြောင့် လိုင်းအသစ်အတွက် အရှိန်မြှင့်ထုတ်လုပ်ဖို့ကို အချိန်အကြာကြီးမယူရတော့ဘူးလို့ ဆိုနိုင်ပါတယ်။

ဒီအရွေ့ဟာ IT ထုတ်ကုန်တွေရဲ့ ကြီးထွားလာတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို ထပ်တူကျဖို့အတွက် ကုမ္ပဏီရဲ့ အားထုတ်မှုဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့်၊ နေအိမ်ကတစ်ဆင့် အလုပ်လုပ်ကိုင်တာ၊ ပညာသင်ကြားရတာတွေအတွက် Laptop ဝယ်လိုအားဟာ သိသိသာသာ တိုးမြင့်လာတာကြောင့်လည်း ဖြစ်ပါတယ်။

Ref: Gizmochina