တစ်ကမ္ဘာလုံးမှာ 5G နက်ဝပ်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်နေပြီး လူတိုင်းမရရှိနိုင်သေးပေမယ့် တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီ Samsung ကတော့ နောက်ထပ်မျိုးဆက်သစ်နက်ဝပ်ဟာ ၂၀၂၈ ခုနှစ်မှာ ရောက်ရှိလာမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၄ ရက်နေ့မှာ Samung ဟာ “Next Hyper-Connected Experience for All” လို့ အမည်ပေးထားတဲ့ စာတမ်းကို ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတို့ကုမ္ပဏီရဲ့ 6G Network နဲ့ပတ်သက်တဲ့ ခန့်မှန်းချက်တွေ ပါဝင်ပါတယ်။ သူတို့က ၂၀၂၈ မှာ စတင်ပြီး ၂၀၃၀ ခုနှစ်လောက်မှာ တစ်ကမ္ဘာလုံး 6G ကို ဦးစားပေးသုံးစွဲမယ်လို့ တွက်ချက်ခန့်မှန်းခဲ့ပါတယ်။

Samsung ရဲ့စာတမ်းမှာ လက်ရှိ 5G စျေးကွက်ပြောင်းလဲမှုဟာ အစောပိုင်းကာလသာ ရှိသေးပေမယ့် 6G အတွက် ကြိုပြင်ဆင်ထားတာ မမှားကြောင်းနဲ့ ဆက်သွယ်ရေးနည်းပညာခေတ်သစ်တစ်ခုကို ပြောင်းလဲဖို့အတွက် သုတေသနပြုလုပ်ချိန် ဆယ်နှစ်ဝန်းကျင် ကြာမြင့်တတ်ကြောင်း ဖော်ပြထားပြီး Samsung ကိုယ်ပိုင် Advanced Communications Research Center ရဲ့ အကြီးအကဲ Sunghyun Choi က သူတို့ဟာ 6G နည်းပညာအတွက် စမ်းသပ်မှုတွေ စတင်နေနှင့်ပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။

2G နက်ဝပ်ကနေ 3G နက်ဝပ်ကို ကျယ်ကျယ်ပြန့်ပြန့်ပြောင်းလဲသုံးစွဲဖို့အတွက် ၁၅ နှစ်တိတိ ကြာမြင့်ခဲ့ပေမယ့် 3G ကနေ လက်ရှိ 5G အထိကိုတော့ ၈ နှစ်သာ အချိန်ယူခဲ့ပါတယ်။ ဒါကိုထောက်ပြီးတော့လည်း Samsung က နောက်မျိုးဆက်ဟာ ထင်တာထက် မြန်နိုင်တယ်လို့လည်း ယူဆထားပါတယ်။

Samsung ဟာ အမြင့်ဆုံး Data Rate 1,000 Gigabits per Second ကို 100 Microseconds ထက်နည်းတဲ့ Air Latency နဲ့ ရှိဖို့ မျှော်လင့်ထားပြီး 5G ရဲ့ Peak Data Rate ထက် အဆ ၅၀ ပိုမှာဖြစ်ပါတယ်။ 6G ကို အသုံးပြုနိုင်ဖို့ဆိုရင် နက်ဝပ်ဒီဇိုင်းတွေကို ပြုပြင်တိုးမြှင့်ရေးဆွဲရမယ့်အပြင် မိုဘိုင်းဖုန်းတွေကိုလည်း အဆင့်မြှင့်တင်ရမှာပါ။ ဒါပေမယ့် ဆယ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ စမတ်ဖုန်းတွေဟာလည်း အခုထက် အများကြီး နည်းပညာပိုမြင့်လာမှာ အသေအချာပါပဲ။

Ref – GizmoChina