Android 12 ဟာ အခုအချိန်မှာ Google ကနေ တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပေမယ့် Android Open Source Project (AOSP) အနေနဲ့ပဲ ထုတ်ပေးထားတာဖြစ်ပါတယ်။ အစောဆုံးအနေနဲ့ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ကြမှ Pixel 6 Series ဖုန်းတွေနဲ့အတူ Android 12 OS ဟာ စမတ်ဖုန်းတွေပေါ်ကို တရားဝင်ရောက်ရှိလာမှာဖြစ်ပါတယ်။

အခုလိုမျိုး Google Pixel Series စမတ်ဖုန်းတွေဟာ Android OS Update ကို အစောဆုံးရရှိတာက အထူးအဆန်းမဟုတ်ပေမယ့် တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကတော့ Stable Update ထွက်ရှိဖို့အတွက် အနည်းဆုံး ၆ လဝန်းကျင် ထပ်မံစောင့်ဆိုင်းရလေ့ရှိပါတယ်။ အဲ့ဒီအထဲမှာ Samsung ကလည်း အပါအဝင်ဖြစ်ပြီး ပုံမှန် Google က Update ထုတ်ပြီး ၆ လဝန်းကျင်အကြာမှပဲ Flagship ဖုန်းတွေအတွက် Android Update ထုတ်ပေးနိုင်တာဖြစ်ပါတယ်။

အခုအချိန်မှာတေ့ာ Samsung ကနေ ဒါကိုပြောင်းလဲသွားဖို့ ကြိုးစားနေတဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် TizenHelp ကနေ သတင်းထွက်ပေါ်ချက်တစ်ခုအရ Samsung ဟာ Android 12 OS Update ကို ယခုနှစ်မကုန်ခင်မှာ သူ့ရဲ့ စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ဖို့စီစဥ်နေတယ်လို့ သိရတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယခုနှစ် ဒီဇင်ဘာလအတွင်းမှာတင် Samsung စမတ်ဖုန်းတွေဟာ Android 12 Stable Update ကို ရရှိသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Samsung ကနေ Android 12 OS ကို အခြေခံထားတဲ့ OneUI 4.0 ကို Beta Version အနေနဲ့ စမ်းသပ်နေပြီဖြစ်ပြီး Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S21 Series တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ Google ကနေ Android 12 OS မှာ အကြီးမားဆုံးပြောင်းလဲထားတဲ့ Material You UI Design ပြောင်းလဲမှုတွေကိုတော့ အဆိုပါ OneUI 4.0 မှာ ထည့်သွင်းထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Android 12 OS ကိုအခြေခံထားတဲ့ OneUI 4.0 ဟာ Pixel ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Android 12 OS နဲ့ UI Design ပိုင်း ပုံစံကွာခြားနိုင်ပေမယ့် အခုလိုမျိုး Update ရရှိဖို့ အချိန်မြန်ဆန်လာတာကတော့ ဝမ်းသာစရာပါ။

Ref – 9to5Google