အခုနောက်ဆုံးထွက်လာတဲ့သတင်းကတော့ Samsung ရဲ့ Marketing Team အတွက် သတင်းဆိုပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ အကြောင်းကတော့ Samsung ဟာ သူ့ရဲ့ Galaxy ဖုန်းတွေဟာ ရေစိုခံတယ်လို့ (Water proof လောက်နီးနီး)အထင်မှားသွားစေတဲ့ ပြောဆိုမှုမျိုးပြုခဲ့တာကြောင့် Samsung Australia ဟာ ဒဏ်ကြေးအဖြစ် A$14 million ($9.65 million) သတ်မှတ်ခံရတာဖြစ်ပါတယ်။

Samsung ဖုန်းအတော်များများဟာ ရေစိုခံနိုင်တယ်လို့ အမွှမ်းတင်ခံရတာဖြစ်ပြီး ပင်လယ်ရေ ဒါမှမဟုတ် ရေကန်ထဲမှာအသုံးပြုနိုင်တယ်လို့ အခိုင်အမာဆိုကြပါတယ်။ ဒါပေမဲ့ အမှန်တရားက Samsung ရဲ့ ကြော်ငြာတွေအတိုင်းတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲက အခြားဖုန်းတွေလိုပဲ Samsung ဖုန်းတွလည်း ရေစိုခံမှုအဆင့်သတ်မှတ်ချက်ကိုပြတဲ့ IP rating နဲ့ပါပဲ။

တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ဖုန်းတွေဟာ ရေစိုခံနိုင်တဲ့အဆင့်မှာရှိပါတယ်။ လုံးဝကြီး ရေလုံတယ်လို့တော့ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး သိထားရမဲ့ အကန့်အသတ်တွေရှိနေပါသေးတယ်။ ဥပမာအားဖြင့် IP68 အဆင့်သတ်မှတ်ချက်ဟာ Device အနေနဲ့ ရေအနက် ၁.၅ မီတာအနက်မှာ မိနစ် ၃၀ ကြာ နစ်မြုပ်နေတာကိုပဲ ခံနိုင်ရည်ရှိတာမျိုးပါ။

နောက်တစ်ချက် သတိထားစရာရှိတာက ရေစိုခံနိုင်မှုအဆင့်သတ်မှတ်ချက်တွေကို စမ်းသပ်ရာမှာ ထိန်းချုပ်ဓာတ်ခွဲခန်းတွေမှာပြုလုပ်တာဖြစ်တဲ့အတွက် ရေချိုမှာပဲ စမ်းသပ်တာဖြစ်ပါတယ်။ ကမ်းခြေမှာ စမ်းသပ်ထားတာမျိုး မဟုတ်ပါဘူး။ အခု Samsung Australia ကြုံတွေ့ရတဲ့ ပြဿနာက အဲဒါပါပဲ။

တရားဝင်မီဒီယာတစ်ခုရဲ့ ထုတ်ပြန်ချက်အရ Samsung Australia ဟာ Galaxy ဖုန်းအချို့ကို ရေအမျိုးအစားအားလုံးမှာ နစ်မြုပ်နေချိန်မှာလည်း ကောင်းကောင်းအလုပ်လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်စေတဲ့ အတွက် အခုလို ဒဏ်တပ်အရေးယူတာမျိုးနဲ့ ကြုံတွေ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် Australian Competition & Consumer Commission (ACCC) ကလည်း Samsung Australia ဟာ သူ့ရဲ့စမတ်ဖုန်းတွေနဲ့ပတ်သက်ပြီး ဒီလိုအဓိပ္ပါယ်လွဲစေတဲ့ ကြော်ငြာမှုမျိုး ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ Samsung ကို ဒီလိုကိစ္စနဲ့ ACCC က တရားစွဲတာ ဒါဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း အလားတူဖြစ်ရပ်မျိုးအတွက် တရားစွဲဆိုခဲ့ဖူးပါတယ်။

Ref: sammobile