ပြီးခဲ့တဲ့တစ်ပတ်တုန်းက Galaxy A11 နဲ့ Galaxy A41 renders တွေ ပေါ်ထွက်လာခဲ့ပြီး သူတို့ရဲ့ ဒီဇိုင်းပိုင်းကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့မှာတော့ Samsung Galaxy A ရဲ့ နောက်ထပ်မိသားစုဝင်ဖြစ်တဲ့ Galaxy A 21 ရဲ့ Render တွေ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။

၂၀၁၉ ဒီဇင်ဘာတုန်းကလည်း Galaxy A21 ရဲ့ Render ပုံရိပ်အချို့ ထွက်ပေါ်လာခဲ့ဖူးပါသေးတယ်။ အဲဒီတုန်းကတော့ Galaxy A21 ဟာ Waterdrop notch မျက်နှာပြင်နဲ့ဖြစ်ပြီး၊ ကျောဘက်မှာလည်း ကင်မရာသုံးလုံး တပ်ဆင်ထားတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ Render သစ်က အချက်အလက်အသစ်ကို ယူဆောင်ပေးလာတာကို တွေ့ရပါတယ်။

Galaxy A21 Render သစ်မှာတော့ Watchdrop notch အစား မျက်နှာပြင်ရဲ့ဘယ်ဘက်ပေါ်ထောင့်မှာ Infinity-O punch-hole နဲ့ Selfie ကင်မရာ တပ်ဆင်ပေးထားတာကို တွေ့မြင်ရပါတယ်။ ဒါတင်မကသေးဘဲ ကျောဘက်ကင်မရာအရေအတွက်ကလည်း ပိုလာပါတယ်။ အခု Render သစ်မှာတော့ Galaxy A21 ဟာ ကျောဘက်ကင်မရာ လေးလုံးနဲ့ ဖြစ်တာကိုတွေ့ရပါတယ်။

Galaxy A21 ဟာ ပတ်လည် Bezel တွေကို ခပ်ထူထူဖြစ်နေတာတွေ့ရပြီး ညာဘက်ဘောင်မှာ အဖွင့်အပိတ်ခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေကို တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ အောက်ခြေမှာတော့ USB ပေါက်နဲ့ 3.5mm headphone jack ပေါက်တွေ ပါဝင်တာကိုတွေ့ရပါတယ်။ လက်ဗွေဖတ်စနစ်ကတော့ ကျောဘက်ကိုယ်ထည်ပေါ်မှာ တပ်ဆင်ထားတာပါ။

Samsung ကတော့ Galaxy A21 နဲ့ပတ်သက်ပြီး ဘာမှမပြောသေးပေမယ့် ကောလာဟလတွေအရ ဒီဟန်းဆက်ဟာ Exynos 7904 SoC အသုံးပြုထားမှာဖြစ်ပြီး 4GB of RAM နဲ့ 64GB သိုလှောင်မှုပမာဏ ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ HD+ AMOLED မျက်နှာပြင်ဖြစ်ပြီး 4,000mAh ဘက်ထရီကို တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena