တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ Mid-range ဈေးကွက်ကို ချဲ့ထွင်ဖို့မဟာဗျူဟာချခဲ့ပြီးတဲ့နောက် ဆက်တိုက်ဆိုသလို အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အခုလည်း Mid-range စမတ်ဖုန်း လေးမျိုးဟာ မကြာခင်အချိန်အတွင်း တရားဝင်ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

မော်ဒယ်နံပါတ် SM-A326B/DS နဲ့ Device ဟာ Galaxy A32 5G ဖြစ်ပြီး အခုအချိန်မှာ တရားဝင် Support page ပေါ်မှာပါ မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ တတိယပတ်ကတည်းက Geekbench မှာ Dimensity 720 နဲ့ တွေ့မြင်ခဲ့ရတဲ့ A32 5G ကို ဒီနှစ်ဆန်းရက်မှာလည်း Bluetooth SIG မှာ တွေ့မြင်ခဲ့ကြရပါသေးတယ်။

တစ်ဆက်တည်းမှာပဲ Samsung ရဲ့ အခြား Device သုံးမျိုးဟာ အိန္ဒိယ BIS (Bureau of Indian Standards) မှာ Certified ဖြစ်ခဲ့ပါသေးတယ်။ အဲဒီ Device တွေကတော့ Samsung Galaxy A52, Samsung Galaxy F62 နဲ့ Samsung Galaxy A32 တို့ပဲ ဖြစ်ပါတယ်။ ဒီ Device သုံးမျိုးစလုံးဟာ LTE-only တွေလည်း ဖြစ်ကြပါတယ်။

Galaxy A32 5G ကတော့ Samsung UK နဲ့ Samsung Ireland ရဲ့ စာမျက်နှာတွေထက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ Device နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဖော်ပြထားခြင်းမရှိပေမယ့် မော်ဒယ်နံပါတ်နောက်က /DS ကတော့ Dual SIM ထောက်ပံ့ထားကြောင်း ဖော်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဈေးကွက်နှစ်ခုက Galaxy A32 5G ဟာ Dual-SIM တွေနဲ့ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။

အိန္ဒိယဈေးကွက်ကို ဦးတည်ထားတဲ့ Device သုံးခုအနက် Galaxy A52 ဟာ Snapdragon 720G မောင်းနှင်မယ်လို့ သတင်းထွက်ထားပါတယ်။ Galaxy F62 ကတော့ Make in India ကမ်ပိန်းရဲ့ အစိတ်အပိုင်း ဖြစ်ပါလိမ့်မယ်။ Galaxy A32 4G အကြောင်းကတော့ အခုထိဘာမှမသိရသေးပါဘူး။

Ref: GSM Arena