Samsung နောက်ထုတ်မယ့် Galaxy A32 5G ဟာ ကုမ္ပဏီရဲ့ ဈေးအချိုဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားခဲ့ဖူးတဲ့အတွက် ဒီဇိုင်းကိုတော့ လေ့လာခွင့်ရထားပါတယ်။ အခုတော့ FCC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး Specs နဲ့ လုပ်ဆောင်ချက်တွေ ပိုသိလာရပါပြီ။

Samsung Galaxy A32 5G gets certified by the FCC

ပထမဆုံး ပြောပြချင်တာက ဘူးထဲမှာ 15W Charger ပါလာမှာ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-A326J ဖြစ်ပါတယ်။ 5G ဆက်သွယ်မှုနဲ့ NFC Support ထောက်ပံ့ထားမှာပါ။

OnLeaks က Samsung Galaxy A32 5G မှာ ၆.၅ လက်မ Infinity-V မျက်နှာပြင် ပါမယ်လို့ အရင်က သတင်းပေးထားပါတယ်။ အရင်ကထွက်လာခဲ့တဲ့ ဓါတ်ပုံတွေအရ အနောက်ဘက်ဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပြီး ပလတ်စတစ်နဲ့ ပြုလုပ်ထားကာ အရောင်တောက်ပြောင်ပါတယ်။ ကင်မရာတွေဟာ ဖုန်း ကိုယ်ထည်ကနေ ၁ မီလီမီတာပဲ ငေါထွက်နေတဲ့အတွက် ဒီဇိုင်း လှပပါတယ်။ အနောက်ကင်မရာတွေထဲမှာ 48MP ၁ လုံးပါလာမှာ ဖြစ်ပြီး LED ၁ လုံးနဲ့ ပူးတွဲထားတာ မြင်ရပါတယ်။

Samsung Galaxy A32 5G ရဲ့ အရွယ်အစား အပြည့်အစုံဟာ 164.2 x 76.1 x 9.1mm ဖြစ်ပြီး ညာဘက်က ပါဝါခလုတ်အောက်မှာလက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။ အသံခလုတ်တွေကိုလည်း ညာဘက်မှာပဲ တပ်ဆင်ထားပြီး ဘယ်ဘက်မှာတော့ SIM Card Slot ပါပါတယ်။ အောက်ခြေမှာ USB-C Port ၊ စပီကာ၊ မိုက်ကရိုဖုန်းနဲ့ နားကြပ်ပေါက်တွေကို မြင်ရပြီး Android 11 မောင်းနှင်ထားနိုင်ပါတယ်။

Samsung Galaxy A32 5G ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။ ဒါပေမယ့် FCC မှာ မှတ်ပုံတင်လိုက်ပြီ  ဖြစ်တဲ့အတွက် မကြာခင် သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena