Samsung ရဲ့ ဈေးအချိုဆုံး 5G စမတ်ဖုန်းဖြစ်လာနိုင်တဲ့ Galaxy A42 5G ဟာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကတည်းက Geekbench ပေါ်ကို ရောက်နှင့်ပြီး ဖြစ်ပါတယ်။ ဒီတုန်းကတော့ မော်ဒယ်နံပါတ် SM-A426B နဲ့ဟန်းဆက်ကို Galaxy A42 5G လို့ပဲ ယူဆခဲ့ပြီး SoC ကိုလည်း ခန့်မှန်းချက်သာ ပြုလုပ်နိုင်ခဲ့တာပါ။

စက်တင်ဘာလဆန်းပိုင်းမှာလည်း Galaxy A42 5G နာမည်နဲ့ စမတ်ဖုန်းသစ်ကို Samsung က ကြေညာခဲ့ပေမယ့် ရုပ်ပုံအချို့သာမြင်တွေ့ရပြီး ကျန်တဲ့အချက်အလက်တွေကိုတော့ ဖော်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီကြီးအနေနဲ့ ဘာကြောင့် အသေးစိတ်အချက်အလက် တစ်ချို့တလေကိုတောင်မှ မဖော်ပြရသလဲလို့ မေးခွန်းထုတ်ခဲ့ရပါတယ်။

Geekbench အရ ကြည့်မယ်ဆိုရင်တော့ Galaxy A42 5G ဟာ Qualcomm ရဲ့ Snapdragon 750G chipset ကို အသုံးပြုထားဖွယ်ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ယူဆချက်ကို အတည်ပြုနိုင်တဲ့ အချက်အလက် ရှာမတွေ့ခဲ့ပါဘူး။ အခုတော့ Source Code ကတစ်ဆင့် ဒီယူဆချက်ကို ပိုမိုခိုင်မာစေခဲ့ပါပြီ။

Source Code ကလည်း SD 750G လို့ အတိအလင်း ဖော်ပြထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် 2.21GHz နှုန်းနဲ့ Core နှစ်ခု၊ 1.8GHz က ၆ ခုရှိနေပြီး Andreno 619 GPU စတဲ့အချက်တွေက SD 750G ကိုပဲ ညွှန်ပြနေတာဖြစ်ပါတယ်။ နောက်တစ်ချက်က Samsung အနေနဲ့ Galaxy A42 5G ကိုကြေညာတဲ့အချိန်တုန်းက Chipset က မရောက်သေးပါဘူး။ ဒါကြောင့် အသေးစိတ်အချက်အလက်အချို့အကြောင်းကို ရေငုံနှုတ်ပိတ်နေခဲ့တာဖြစ်နိုင်ပါတယ်။

Ref: GSM Arena