Samsung ရဲ့ Galaxy A Series ဟာ မဟာဗျူဟာမြောက် စီးရီးတစ်ခုဖြစ်တယ်ဆိုတာ အချိန်ကာလက သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ အရွှေ့အပြောင်းဟာ အခုအချိန်မှာတော့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိနေသလို ကုမ္ပဏီကလည်း ပိုပြီးတော့ အရှိန်အဟုန်မြှင့်တင်နေတာကို တွေ့မြင်နေရပါပြီ။

လူကြိုက်များတဲ့ Galaxy A51 ကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Galaxy A51 ကို အကြိုက်တွေ့ခဲ့ကြတဲ့ Samsung Fan တွေအတွက် Galaxy A51 5G ဗားရှင်းကို ထပ်ပြီး ပြင်ဆင်နေခဲ့တာ ဇန်နဝါရီလကုန်တုန်းက Benchmark ပေါက်ကြားမှုနဲ့အတူ သိခဲ့ကြပြီးဖြစ်မှာပါ။ အခုတော့ ဈေးကွက်ထဲရောက်ဖို့ နီးကပ်သထက်နီးကပ်လာပါပြီ။

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးရက်တွေတုန်းက Galaxy A51 5G ရဲ့ ရုပ်ပုံတွေ ပေါ်ထွက်လာခဲ့ပါသေးတယ်။ အခုတစ်ခါတော့ Wi-Fi Alliance မှာ အသိအမှတ်ပြုခံလိုက်ရတာကို တွေ့မြင်ရတာပါ။ အဓိပ္ပါယ်ကတော့ မကြာခင် ဈေးကွက်ထဲရောက်မယ် ဆိုတာပါပဲ။ SM-A516N နဲ့အတူ Wi-Fi 802.11 b/g/n/ac စံနှုန်းတွေကို 2.4GHz နဲ့ 5GHz ကြိမ်နှုန်းတွေမှာ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်အချို့ကတော့ အစောပိုင်းက GeekBench မှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဖြစ်ပြီး Android 10 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Exynos 980 SoC ဖြစ်ပြီး 5G modem နဲ့ 6GB of RAM တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ပုံကတော့ L-Shape ပုံစံပဲ ဖြစ်မယ်လို့သိရပြီး အတည်ပြုဖို့ပဲ လိုတော့တာပါ။

မျက်နှာပြင်ကတော့ Galaxy A51 4G ဗားရှင်းလိုပဲ 6.5-inch Super AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး Punch-hole နဲ့အတူ selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ အခုအချိန်ထိတော့ Galaxy A51 5G ကို ဘယ်အချိန်ဈေးကွက်ထဲ ပို့ဆောင်မိတ်ဆက်မလဲဆိုတာ မသိရသေးပေမယ့် သိပ်မကြာခင်ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizmochina