ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာမှာ ဖြန့်ချိခဲ့တဲ့ Samsung ရဲ့ Galaxy A51 ဟာ ၂၀၂၀ မှာ လူကြိုက်အများဆုံး ဖုန်းတွေထဲက တစ်မျိုးဖြစ်ခဲ့ပါတယ်။ ဒီနှစ် ဧပြီလမှာတော့ Galaxy A51 ရဲ့ 5G counterpart က ဆက်လက်ထွက်ပေါ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ Galaxy A51 ကိုဆက်ခံမယ့် နောက်ထပ်မျိုးဆက်သစ် ထွက်ပေါ်ဖို့အလှည့်ပဲ ဖြစ်ပါတယ်။

Galaxy A51 ကို ဆက်ခံမှာကတော့ Galaxy A52 ပါပဲ။ ဒီဟန်းဆက်ဟာ 5G အမျိုးအစား ဟန်းဆက်ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 750G chipset နဲ့ 6GB of RAM တို့ကို တွဲဖက်ထားတာလည်း တွေ့မြင်ရပါတယ်။ အကြောင်းကတော့ Galaxy A52 5G ကို SM-A526B မော်ဒယ်နံပါတ်နဲ့အတူ Geekbench မှာ တွေ့မြင်ရလို့ပဲ ဖြစ်ပါတယ်။ Android 11 Operation System နဲ့ စမ်းသပ်ထားတဲ့ ရလဒ်ကတော့ အနည်းငယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။

Galaxy A52 ရဲ့ Geekbench ရမှတ်တွေကတော့ Single-Core မှာ 298 မှတ်နဲ့၊ Multi-Core မှာ 1,001 မှတ် ရရှိထားတာ တွေ့ရပါတယ်။ ဒါကြောင့် Single-Core စမ်းသပ်ချက်မှာ ရမှတ် 700 ဝန်းကျင်နဲ့ Multi-Core စမ်းသပ်ချက်မှာ ရမှတ် 1,800 ကျော်ရရှိခဲ့တဲ့ Galaxy A51 5G နဲ့ယှဉ်ရင်တော့ Galaxy A52 5G ရဲ့ ရမှတ်ဟာ အတော်လေးကို နည်းပါးနေတာကို တွေ့မြင်ရပါတယ်။

ဒါပေမယ့်လည်း အခု Geekbench မှာတွေ့မြင်ရတဲ့ရမှတ်ဟာ Galaxy A52 5G ရဲ့ အကြိုထုတ်လုပ်မှုပုံစံကို စမ်းသပ်ထားတဲ့ရမှတ်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမှန်တကယ်အပြီးသတ်ထုတ်လုပ်လာတဲ့ ဟန်းဆက်တွေမှာတော့ ရလဒ်တွေဟာ တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Galaxy A52 5G မှာ A51 နဲ့ဆင်တူတဲ့ ကင်မရာလေးလုံးတပ်ဆင်မှုပုံစံ မြင်တွေ့ရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena