Samsung ဟာ တန်ဖိုးနည်း 5G ဖုန်းတွေကို အရင်ကထက် အားသွန်ခွန်စိုက် တိုးချဲ့ ထုတ်လုပ်နေပြီး နောက်ထုတ်မယ့် ဖုန်း ၁ လုံးက Galaxy A52 5G ဖြစ်ပါတယ်။ ဧပြီလက ကြေညာခဲ့တဲ့ Galaxy A51 5G ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။
Galaxy A52 5G ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး စမတ်ဖုန်း ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။ ဒီဇိုင်းက အရင်မျိုးဆက်နဲ့ တူညီပါတယ်။ ကင်မရာ အကွက်က ပိုကြီးလာပြီး ကင်မရာ ၁ လုံးစီနဲ့ လေးထောင့်အကွက်မှာ Ring တွေ ပါလာပါတယ်။ Samsung မကြာခင်က စွမ်းရည်မြင့် ဖုန်းတွေအတွက် ထုတ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်းနဲ့ ပိုတောင်တူညီလာတဲ့အတွက် လှတာကတော့ ပြောစရာ မလိုတော့ပါဘူး။ အရင်က A Series ဖုန်းတွေထက် ဒီဇိုင်း ပိုကောင်းလာပါတယ်။ A51 5G နဲ့ A52 5G တို့ဟာ ဒီဇိုင်း အပိုင်းမှာ သိပ်မကွာဘူးလို့ ပြောပေမယ့် ပိုလှလာတာ သေချာပါတယ်။
A52 5G ရဲ့ အရွယ်အစား အပြည့်အစုံဟာ 159.9 x 75.1 x 8.4mm နဲ့ အထူဟာ ကင်မရာ ပါထည့်တွက်ရင် ၁၀ မီလီမီတာ ရှိပါတယ်။ အရင်မျိုးဆက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ၁ မီလီမီတာ ပိုရှည်၊ ၁.၅ မီလီမီတာ ပိုကျယ်၊ ၀.၃ မီလီမီတာ ပိုပါးလွှာလာပါတယ်။ ၆.၅ လက်မ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အလယ်က Punch Hole မှာ ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။ အနောက်က ပလတ်စတစ်ဖြစ်ပြီး ဖရိမ်က သတ္တု ဖြစ်ပါတယ်။
A51 5G ကို ၄၉၉ ဒေါ်လာနဲ့ ရောင်းခဲ့ပြီး ၆ သိန်း ၆ သောင်းလောက်ရှိတဲ့အတွက် တန်ဖိုးသိပ်မနည်းဘူးလို့ ပြောရမှာပါ။ A52 5G ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းချနိုင်သလို 5G ဖုန်းတွေ ပေါလာတဲ့အတွက် ဒီထက်လည်း စျေးနည်းသွားနိုင်ပါတယ်။
Ref : gsmarena