Samsung ဟာ Galaxy A71 LTE အမျိုးအစားကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဗီယက်နမ်မှာ စတင်ဖြန့်ချိခဲ့တာပါ။ နောက်တော့ အိန္ဒိယဈေးကွက်ဆီလည်း ဖြန့်ကျက်ခဲ့ပါသေးတယ်။ အခုတော့ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy A71 အတွက် 5G အမျိုးအစားကိုလည်း ထုတ်ရောင်းတော့မယ်လို့ သိရပါတယ်။

Galaxy A71 5G ဟာ မော်ဒယ်နံပါတ် SM-A7160 နဲ့အတူ Wi-Fi Alliance ရဲ့ Database ထဲမှာ မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် Galaxy A71 5G ဟာ ဈေးကွက်ထဲကိုရောက်ရှိဖို့ သိပ်မလိုတော့ဘူးလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် Bluetooth SIG ကလည်း အတည်ပြုချက်ထုတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။

ခန့်မှန်းချက်တွေအရ Galaxy A71 5G ဟာ လာမယ့် တစ်လ၊ ဒါမှမဟုတ် နှစ်လအတွင်း သတ်မှတ်ထားတဲ့ ဈေးကွက်အချို့ဆီ ရောက်ရှိမယ်လို့ သိရပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ သိပ်အများကြီးထွက်ပေါ်ထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် GeekBench မှာမြင်တွေ့ရသလောက်ပဲ သိရပါသေးတယ်။

GeekBench အရ Galaxy A71 5G ဟာ Exynos 980 SoC နဲ့ဖြစ်ပြီး 8GB of RAM နဲ့ တွဲဖက်ထားတာ ဖြစ်ပါတယ်။ Android 10 မောင်းနှင်ထားတာဖြစ်ပြီး Single-score ရမှတ် ၃၀၇၈ မှတ်နဲ့ Multi-core ရမှတ် ၇၃၄၆ မှတ်ရရှိထားတာလည်း တွေ့ရပါတယ်။ ဈေးကွက်ထဲရောက်ဖို့ အချိန် တစ်လနဲ့ နှစ်လကြား လိုနေသေးတာကြောင့် အသေးစိတ်အချက်အလက်တွေထွက်လာဖို့ အနည်းငယ်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina