Samsung Galaxy A72 5G ရဲ့ Render ပုံတွေဟာ ပြီးခဲ့တဲ့ရက်ကပဲ ပေါက်ကြားထွက်ပေါ်ခဲ့တာပါ။ ဒီတုန်းက Galaxy A72 ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားတာကိုတွေ့ခဲ့ကြရပေမယ့်၊ ဒီကင်မရာတွေအကြောင်းကို မသိခဲ့ကြရပါဘူး။ အခုတော့ ကင်မရာတွေအကြောင်း ပေါ်ထွက်လာပါပြီ။

Galaxy A72 ရဲ့ ကင်မရာတွေအကြောင်း တရားဝင်၊ အသေးစိတ်မသိရသေးပေမယ့် Dutch ဘလော့ဂ်တစ်ခုဖြစ်တဲ့ GalaxyClub ကပြောထားတာတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ အဓိကကင်မရာဟာ 64MP ဖြစ်ပြီး၊ ကျန်တာတွေကတော့ 12MP ultra-wide, 5MP macro နဲ့ 5MP depth sensor ယူနစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Galaxy A72 4G အမျိုးအစားကို မော်ဒယ်နံပါတ် SM-A725F နဲ့တွေ့ရပြီး၊ 5G အမျိုးအစားကို SM-A726B နဲ့တွေ့ရပါတယ်။ အမျိုးအစားနှစ်မျိုးစလုံးကို ဥရောပဈေးကွက်မှာတွေ့ရမယ်လို့ဆိုထားပြီး ခန့်မှန်းဈေးနှုန်းတွေကိုပါ ဖော်ပြလာပါတယ်။ Galaxy A72 4G အမျိုးအစားက ယူရို ၄၅၀ ကနေ ၅၀၀ (၆ သိန်း ၆ သောင်းကနေ ၈ သိန်း ၃ သောင်း) ကြား ကျသင့်ပြီး၊ 5G အမျိုးအစားကတော့ ယူရို ၅၀၀ ကနေ ၆၀၀ (၈ သိန်း ၃ သောင်းကနေ ၁၀ သိန်း) ကြား ကျသင့်မယ်လို့ ဆိုပါတယ်။

Galaxy A72 4G ရော 5G အမျိုးအစားနှစ်မျိုးစလုံးနဲ့ပတ်သက်ပြီး Samsung ဘက်က ဘာမှတ်ချက်မှတော့ မပေးသေးပါဘူး။ ဒါပေမယ့် 5G အမျိုးအစားဟာ 6.7-inch အရွယ်အစားမျက်နှာပြင်နဲ့ဖြစ်ပြီး Fingerprint ကို မြှုပ်နှံထားတယ်လို့ ကောလာဟလထွက်နေပါတယ်။ ဟန်းဆက်ကိုယ်ထည်ရဲ့အထူကတော့ 8.1mm (ကင်မရာဘောင်နဲ့ဆိုရင် 9.9mm) ဖြစ်ပြီး၊ 3.5mm headphone jack ပါဝင်တယ်လို့ သိရပါတယ်။

Ref: GSM Arena