108MP အဓိကကင်မရာ တပ်ဆင်ထားတဲ့ပထမဆုံး စမတ်ဖုန်းဟာ Xiaomi Mi Note 10 ဖြစ်ခဲ့ပါတယ်။ ဒီ Upper-midrange ဟန်းဆက်ကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက ဖြန့်ချိခဲ့တာပါ။ အဲဒီနောက်မှာတော့ Xiaomi ဟာ 108MP sensor ကို သူ့ရဲ့ထုတ်ကုန်အမြောက်အများမှာ အသုံးပြုလာပါတော့တယ်။

Samsung ကတော့ ဒီ Resolution ကို သူ့ရဲ့ ထိပ်တန်းထုတ်ကုန်လိုင်းဖြစ်တဲ့ S နဲ့ Note လိုင်းတွေမှာပဲ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်ကိုရီးယားကုမ္ပဏီကြီးဟာ 108MP sensor နဲ့ပတ်သက်တဲ့ မူဝါဒကို ပြောင်းလဲတော့မဲ့ အခြေအနေကို မြင်တွေ့လာရပြီလို့ ဆိုနိုင်ပါတယ်။

တောင်ကိုရီးယားမြေကနေ အသစ်ထွက်ပေါ်လာတဲ့ကောလာဟလတစ်ခုအရ Samsung ဟာ လာမဲ့ Galaxy A73 မှာ 108MP အဓိကကင်မရာကို ထည့်သွင်းပေးတော့မယ်လို့ သိရပါတယ်။ ဒါဟာ Samsung အနေနဲ့ ဒီ Sensor ကို သူ့ရဲ့ Mid-range လိုင်းမှာ စတင်အသုံးပြုခြင်း ဖြစ်လာပါလိမ့်မယ်။ ဒါတင်မကဘဲ A73 ကို Xiaomi devices တွေနဲ့ ပုခုံးချင်းယှဉ်နိုင်အောင် ပြုလုပ်လာနိုင်တယ်ဆိုတဲ့ မျှော်မှန်းချက်ကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ ဒီကောလာဟလကို သက်သေပြနိုင်မဲ့ အထောက်အထားမရှိသေးတာပါပဲ။ ဒါပေမဲ့ Redmi Note 10 Pro မှာတွေ့မြင်ရတဲ့ ISOCELL HM2 1/1.52-inch sensor ကို A73 မှာမျှော်လင့်နိုင်ပါသေးတယ်။ ဒါဟာ 0.7µm pixels နဲ့ Samsung ရဲ့ အသေးဆုံး 108MP sensor ဖြစ်ပြီး Mid-range စမတ်ဖုန်းတွေနဲ့ သင့်တော်တာလည်း ဖြစ်ပါတယ်။

Samsung အနေနဲ့ ရောင်းအားအကောင်းဆုံး A-series ဟန်းဆက်တွေရဲ့ အဓိကကင်မရာတွေမှာ OIS ထည့်ပေးတဲ့ပုံစံကို ဆက်ထိန်းထားမယ်လို့ မျှော်လင့်ရပါတယ်။ ကုမ္ပဏီအနေနဲ့ 2022 Galaxy A lineup တစ်ခုလုံးဆီ OIS ကို ယူဆောင်လာမယ်လို့ ကောလာဟလထွက်ထားတာလည်းရှိတာကြောင့် ဆက်ပြီးစောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena