Samsung ကနေ Galaxy Buds တွေကို ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့ပြီး အခုနှစ်အစောပိုင်းတုန်းကလည်း Galaxy S20 Series ဖုန်းတွေနဲ့အတူ Galaxy Buds+ ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Galaxy Note 20 Series ဖုန်းတွေနဲ့အတူ Galaxy Buds Live Earbuds ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Galaxy Buds Live Earbuds တွေဟာ စျေးနှုန်းအနေနဲ့ $169 (မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) ကျသင့်မှာဖြစ်ပြီး Galaxy Note 20 Series ကို Pre-order မှာယူရင် လက်ဆောင်အနေနဲ့ပါ ရရှိလာနိုင်ပါတယ်။ ရောင်းချမယ့်အချိန်ကတော့ ဥရောပမှာ သြဂုတ်လ ၂၁ ရက်နေ့နဲ့ ကျန်တဲ့ Region တွေမှာတော့ သြဂုတ်လ ၆ ရက်နေ့ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Galaxy Buds Live တွေဟာ Samsung အတွက်တော့ ပထမဆုံးအနေနဲ့ Active Noise Cancellation (ANC) ပါဝင်လာတဲ့ Earbuds တွေဖြစ်ပြီးတော့ နားထဲမှာ သေချာနေရာယူထားဖို့အတွက် ပဲစေ့ပုံစံ Design ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဖြုတ်တပ်နိုင်တဲ့ Wingtips တွေလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

Audio ပိုင်းမှာတော Tuned by AKG 12mm Driver ၊ Bass Duct နဲ့ 3 Microphone ပါဝင်မှာဖြစ်ပါတယ်။ အရွယ်အစားအရ သေးငယ်တယ်ဆိုပေမယ့် ဆက်တိုက်အသုံးပြုချိန် ၆ နာရီအပြင် Charging Case နဲ့တွဲဖက်ပြီး ၂၁ နာရီအထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အားသွင်းတဲ့နေရာမှာတော့ USB-C သို့မဟုတ် Qi Wireless Charging ကို Support ပြုလုပ်မှာပါ။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Bluetooth 5.0 ၊ AAC ၊ SBC Codec Support ၊ Touch Control ၊ Wear Detection နဲ့ IPX2 Dust and Water Resistant Rating တွေပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Mystic Black ၊ Mystic Bronze နဲ့ Mystic White ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China