၂၀၁၉ နှစ်ကုန်ကနေ ၂၀၂၀ နှစ်စအတွင်းမှာ နှစ်ပေါင်းများစွာမျှော်လင့်နေခဲ့ကြတဲ့ Foldable ဟန်းဆက်တွေ အများအပြားထွက်ရှိလာပြီး Foldable ဈေးကွက် ပီပီပြင်ပြင်ပေါ်ထွက်လာခဲ့ပါတယ်။

အစောဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Samsung Galaxy Fold ကို ၂၀၁၉ ထဲမှာပဲ မိတ်ဆက်ခဲ့ပြီး ထွက်ရှိချိန်မှာ 512GB Storage တစ်မျိုးတည်းသာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မျိုးဆက်သစ် Galaxy Fold 2 မှာတော့ ဝယ်ယူလိုသူတွေအတွက် Storage ရွေးချယ်စရာပိုပါဝင်လာပြီး အခြေခံမော်ဒယ်ကို 256GB ထိ လျှော့ချပေးလာမယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်ကို SamMobile က တင်လာတာဖြစ်ပြီး Galaxy Fold 2 ဟန်းဆက်ကို မော်ဒယ်နံပါတ် SM-F916 နဲ့တွေ့ရှိရာမှာ 256GB Storage ပါဝင်ကြောင်းနဲ့ SM-F91x မော်ဒယ်ကတော့ အရင်လို 512GB မော်ဒယ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Galaxy Fold 2 ရဲ့ အခြေခံ Storage မော်ဒယ်ကို လျှော့ချပေးထားတာကြောင့် သူ့ရဲ့အခြေခံဈေးနှုန်းကိုလည်း လျှော့ချလာမှာသေချာပါတယ်။ လက်ရှိ Foldable ဟန်းဆက်တွေဟာ ပုံမှန်ထက် အများကြီးဈေးပိုကြီးတာကြောင့် အခုလို စတင်ပြောင်းလဲလာတာ သာမာန်သုံးစွဲသူတွေအတွက် မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။

Galaxy Fold ဟာ ဒေါ်လာ ၁၉၈၀ (မြန်မာငွေ ၂၉ သိန်းနီးပါး) ရှိပြီး အခု 256GB မော်ဒယ်ကျရင် ဘယ်လောက်ထိ လျှော့ချလာမလဲဆိုတာတော့ မသိရသေးပါဘူး။

Ref – GSM Arena